
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ မိုးကောင်းကျေးရွာအနီးရှိ ယာခင်းတောတဲတွေကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၃၁ ရက် ညနေ ၄ နာရီနဲ့ ည ၈ နာရီကျော်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူနေအိမ်တချို့ ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မိုးကောင်းရွာသားတယောက်က “တိုက်ပွဲလည်း မရှိပါဘူး။ ဘာသတင်းရလို့လည်း မသိဘူး၊ ဘလိုင်းကြီး လာကြဲချသွားတာ။ ရွာတော့မဟုတ်ဘူး အစ်ကို။ တောင်သူတွေ စုနေတဲ့ ယာခင်းတောတဲ နေရာတွေကို ဗုံးကြဲသွားတာပါ။ ဂျိုင်ရိုကော်ပတာ ၂ စီးက ၄ ကြိမ်၊ စက်တပ်လေထီး ၂ စီးက ၂ ကြိမ် ဗုံးကြဲသွားတာပါဗျ။ ဗုံးကြဲချလို့ နွား ၃ ကောင် သေဆုံးပြီး လူနေအိမ် ၂ လုံး ပျက်စီးတယ်ဗျ” လို့ ပြောပါတယ်။
မိုးကောင်းရွာဟာ ယင်းမာပင်မြို့နဲ့ ကနီမြို့နယ် အစပ်မှာ တည်ရှိပြီး ဒေသခံအများစုကတော့ တောင်သူလုပ်ငန်းကို လုပ်ကိုင်တဲ့ကျေးရွာ ဖြစ်ပါတယ်။
လာရောက်ကြဲချတဲ့ လေယာဉ်ဟာ နမခတပ် ဂျိုင်ရိုကော်ပတာ ၂ စီး၊ စက်တပ်လေထီး ၂ စီးနဲ့ လာရောက်တိုက်ခိုက် ဗုံးကြဲချသွားတယ်လို့လည်း သိရပါတယ်။
ယင်းမာပင်မြို့နယ် ခရိုင်တာဝန်ရှိသူက “ဒါက ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိကို သတ်ဖြတ်နေတဲ့ စစ်ကောင်စီတပ်လို့ပဲ ပြောရမယ်။ ပြည်သူတွေ နေထိုင်တဲ့ ရွာတွေ၊ စာသင်ကျောင်းတွေ၊ ဘုန်းတော်ကြီးကျောင်းတွေကို ရည်ရွယ်ချက်ရှိရှိကို လိုက်ပြီး လေကြောင်းတိုက်ခိုက်နေတာ ခင်ဗျားတို့လည်း မြင်တဲ့အတိုင်းပဲ။ အခုလည်း ပြည်သူတွေ အရှောင်မြန်လို့ သေဆုံးမှုမရှိခဲ့ရတာပါ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ကတော့ ရွေးကောက်ပွဲအပြီးမှာလည်း လေကြောင်းကနေ ပြည်သူတွေကို တိုက်ခိုက်မှုက လျော့နည်းမသွားဘဲ ပိုမိုတိုးလုပ်ဆောင်နေတာလည်း တွေ့ရပါတယ်။


