Home
မြန်မာသတင်း
အာဏာသိမ်း ၅ နှစ်အတွင်း စစ်တပ်ကြောင့် ကရင်နီက ပြည်သူ အယောက် ၈၀၀ ကျော် သေဆုံး
DVB
·
February 1, 2026

စစ်တပ်က အာဏာသိမ်းထားတဲ့ ၅ နှစ်တာကာလအတွင်းမှာ ကရင်နီပြည်နယ်နဲ့ ကယန်းဒေသက ပြည်သူ အယောက် ၈၄၀ သေဆုံးခဲ့ရပြီး စစ်ဘေးရှောင်ပြည်သူတွေအတွက် အကူအညီ အထောက်အပံ့တွေလည်း လိုအပ်နေတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ဖေဖော်ဝါရီ ၁ ရက် ဒီနေ့ထုတ်ပြန်ပါတယ်။

PKPF ပြန်ကြားရေး တာဝန်ရှိသူက “ပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းတို့၊ လက်နက်ကြီးတို့နဲ့တိုက်ခိုက်ပြီး သေကြေပျက်စီးအောင်လုပ်တာတွေရှိတယ်။ အရပ်သားတွေက စစ်ရေးပစ်မှတ်မဟုတ်ဘူးဆိုတာ ပြောချင်တာပေါ့။ ဒီနှစ်ကတော့ အရင်နှစ်တွေထက် ပိုပြီးခက်ခဲကြတယ်။ ပြည်သူတွေ လုပ်ကိုင်စားသောက်ဖို့ခက်ခဲတယ်။ ကုန်စျေးနှုန်း မြင့်မားမှုဒဏ်ခံရတယ်။ အိမ်လည်းမပြန်နိုင်ကြတော့ ပိုပြီး ခက်ခဲကြတာပေါ့” လို့ ပြောပါတယ်။

PKPF ရဲ့မှတ်တမ်းအရ ၅ နှစ်တာကာလအတွင်း စစ်ဘေးရှောင်နဲ့ ဒေသခံပြည်သူတွေရဲ့ နေအိမ်ပေါင်း ၃,၂၈၄ လုံး ထိခိုက်ပျက်စီးခဲ့ရပြီး ဘာသာရေးအဆောက်အအုံ ၆၅ လုံး၊ စာသင်ကျောင်း ၃၁ ကျောင်း၊ ဆေးရုံ ဆေးခန်း ၁၉ ခု ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

ပြီးတော့ တိုက်ပွဲပေါင်း ၁၅၁၁ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်တပ်က လေကြောင်းကနေ အကြိမ် ၂,၁၂၀ ဗုံးကြဲခဲ့သလို တိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က ၄,၀၆၁ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ တိုက်လေယာဉ်၊ ရဟတ်ယာဉ် ၄ စင်း ပျက်စီးပြီး တခြား စစ်သုံးယာဉ် ၆၉ စီးလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ကရင်နီနဲ့ ရှမ်းပြည်နယ်စပ်က နေရာတွေကိုလည်း စစ်ကြောင်းထိုးတာတွေရှိနေလို့ အခုလက်ရှိမှာလည်း ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013