
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ရှုပ်ပုံရွာက အိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၃၁ ရက် မွန်းလွဲ ၃ နာရီလောက်လောက်မှာ ရှုပ်ပုံရွာအနီးအနားမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေက ရှုပ်ပုံရွာလယ်ပိုင်းက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
ရှုပ်ပုံရွာဒေသခံတယောက်က “မီးက ည ၁၀ နာရီဝန်းကျင်အထိတော့ တငွေ့ငွေ့လောင်နေသေးတယ်။ အခုတော့ ငြိမ်းနေပါပြီ။ နောက်ထပ် ထပ်ရှို့၊ မရှို့ကိုတော့ မသိနိုင်သေးဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ရှုပ်ပုံရွာရဲ့အရှေ့ပိုင်းမှာ စခန်းချထားပြီး ရွာလယ်ပိုင်းမှာ မီးလာငြိမ်းတဲ့ ရွာသားတွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီ ၁ ရက် နေ့လယ်မှာလည်း ရှုပ်ပုံရွာလယ်ပိုင်းကို စစ်ကောင်စီတပ်သားတွ ထပ်မံစစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ်မှာပစ္စည်းလာယူတဲ့ ရှုပ်ပုံရွာခံ မိသားစုတစုကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာတော့ ရှုပ်ပုံရွာသားတွေဟာ ဘေးလွတ်ရာ လယ်ကွင်းနဲ့ ဓနိတောတွေဆီ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
ဇန်နဝါရီလကုန်းပိုင်းလောက်မှာ ပုလောမြို့နယ်က ပလမြို့၊ တိုရွာနဲ့ ရှုပ်ပုံရွာတို့ကို စစ်ကောင်စီတပ်က ဆက်တိုက် မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။


