Home
မြန်မာသတင်း
တောင်တွင်းကြီးတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၃ ဦး သေဆုံး
DVB
·
February 1, 2026
Photo: ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပုဏ္ဏဝတီ (တောင်တွင်းကြီး)

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ ဇန်နဝါရီ ၂၉ ရက် ညနေ ၅ နာရီဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့ရာ ၃ ယောက် သေဆုံးခဲ့တယ်လို့ ပုဏ္ဏဝတီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တောင်တွင်းကြီး) က ဇန်နဝါရီ ၃၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပုဏ္ဏဝတီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တောင်တွင်းကြီး) ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “ကပစ ၁၈ ကနေ ပျဥ်းချောင်းရွာမှာ အထိုင်ချတပ်စွဲနေကြတဲ့ ဗိုလ်ကြီးသက်ထွန်း အပါအဝင် ၆ ယောက်က MARK II ကားနဲ့ ထောက်ကြံ့ကွင်းဂိတ်ကနေ သူတို့ တပ်စွဲနေတဲ့ ပျဥ်းချောင်းရွာဘက်ကို ပြန်လာတဲ့လမ်းက ပဲခူးရိုးမပတ်လမ်း တနေရာမှာ ဖရဲသီးဆီက သတင်းရလို့ စောင့်ပြီး တိုက်ခိုက်ခဲ့တာပါ” လို့ ပြောပါတယ်။

တိုက်ခိုက်မှုကြောင့် အဆိုပါကားပေါ်မှာ လိုက်ပါလာကြတဲ့  စစ်ကောင်စီတပ်က ဗိုလ်ကြီးသက်ထွန်း အပါအဝင် ၃ ယောက် အပြင်းအထန်ဒဏ်ရာရခဲ့ကြသလို တပ်သားအဏ္ဏဝါ နဲ့ တပ်သားဖိုးကာ တို့အပါအဝင် ၃ ယောက် သေဆုံးခဲ့ကြတယ်လို့ ဆိုပါတယ်။

ပုဏ္ဏဝတီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တောင်တွင်းကြီး) ရဲ့ တာဝန်ခံ ဗိုလ်ထိန် က “အခုမစ်ရှင် လုပ်ဆောင်ရတာဟာ တပ်တွင်း ဖရဲသီးဆီကနေ ကြိုတင်သတင်းရရှိခဲ့တာကြောင့်ပါ။ ပစ်ခတ်မှုက မိနစ် ​၂၀ လောက်ကြာမြင့်ခဲ့တယ်။ ယာဥ်မောင်းမသေဘဲ မောင်းပြေးသွားခဲ့ကြောင့်မို့လို့ သူတို့ဆီက ဘာပစ္စည်းမှမရလိုက်တာ။ ကျနော်တို့ တိုက်ခိုက်ခဲ့တဲ့နေရာကလည်း သူတို့ရဲ့ ဂိတ်တခု နဲ့ နီးနေတာနဲ့ ပြန်ဆုတ်လာခဲ့ကြတာပါ။ ဒီမစ်ရှင်ထဲမှာ အဏ္ဏဝါ တို့ ၃ ယောက် သေပြီးတော့ ဗိုလ်ကြီးသက်ထွန်း နဲ့ ကျန် ၂ ယောက်က ဒဏ်ရာတွေ ပြင်းထန်ကြလို့ မကွေး ခုတင် ၁၀၀ စစ်ဆေးရုံကို ပို့လိုက်ရတယ် ဆိုတာလည်း ဖရဲသီးဆီကနေ ပြန်ပြီးသတင်းပို့လာလို့ သိရတာ” လို့ DVB ကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပုဏ္ဏဝတီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တောင်တွင်းကြီး) နဲ့အတူ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မကွေး တောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက် ညဦးပိုင်းကလည်း ပုဏ္ဏဝတီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တောင်တွင်းကြီး) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ပျဥ်းချောင်းကျေးရွာမှာ အထိုင်ချတပ်စွဲနေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နေပြည်တော်-တောင်တွင်းကြီး ရထားလမ်းဘေးမှာရှိတဲ့ ကုလားမကျေးရွာအနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ကြရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက် သေဆုံးပြီး သေနတ် ၅ လက်နဲ့အတူ ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့ကြသေးတယ်လို့ ဆိုပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေဘက်က စစ်ရေးအရှိန်မြှင့်တင်နေပြီဖြစ်လို့ ဒေသခံပြည်သူတွေအနေနဲ့ စစ်ကောင်စီ ဂိတ်တွေအပြင် လက်အောက်ခံတွေနဲ့ အနီးကပ်နေထိုင်တာတွေကို အထူးရှောင်ရှားကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013