Home
မြန်မာသတင်း
ကပစ ၁၆ ကာကင်းစခန်း ပွိုင့် ၆၆၆ စခန်းကုန်းကို AA သိမ်းပိုက်၊ AA ထိန်းချုပ်ဒေသကို စစ်တပ်က တိုက်ခိုက်
DVB
·
January 29, 2026

တောင်ကုတ်နဲ့ ပန်းတောင်းမြို့နယ် ရိုးတောင်ကျော်လမ်းရှိ စစ်ကောင်စီတပ်လက်အောက်ခံ ကပစ ၁၆ ကာကင်းစခန်းတခုဖြစ်တဲ့ ပွိုင့် ၆၆၆ စခန်းကုန်းကို အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတော်လှန်ရေးတပ်က သိမ်းပိုက်လိုက်တယ်လို့ ရခိုင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

“မနေ့ညနေကတည်းက သိမ်းလိုက်တာပါ။ စစ်တပ်ဘက်က ဂျက်ဖိုက်တာ၊ Y12 တွေနဲ့ ဒီနေ့လည်း ဗုံးကြဲနေတုန်းပါ။”

ဇန်နဝါရီ ၂၈ ရက် ညကတည်းက အာရက္ခတပ်တော်နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့က စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀၀ လောက် ပိတ်မိနေတဲ့ ပွိုင့်ကုန်းကို တိုက်ခိုက် သိမ်းလိုက်တာဖြစ် ပါတယ်။

စစ်ရေးသတင်းရင်းမြစ်က “တိုက်ပွဲက ဒီနေ့လည်း ပြင်းပြင်းထန်ထန် ဖြစ်နေပါတယ်။ စကစ ဘက်ကလည်း စစ်ကူလာတယ်။ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်း စုံနေတာပဲ” လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း ထွက်ပြေးနေတဲ့ တပ်ဖွဲ့ဝင်တွေ၊ စစ်ကူလာတဲ့ တပ်ဖွဲ့တွေနဲ့ AA တို့ အပြင်းအထန် တိုက်ပွဲ ထပ်မံပြင်းထန်နေပါတယ်။

စစ်ကောင်စီ ပွိုင့် ၆၆၆ စခန်းကို တော်လှန်ရေးဘက်က လနဲ့ချီပြီး ပိတ်ထားရာက အခုလို ဒုတိယမြောက် ပြန်လည်သိမ်းပိုက် ရရှိခဲ့တာပါ။

ပန်းတောင်းမြို့နယ် ပွိုင့် ၆၆၆ စခန်းကို AA က ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၄ ရက်မှာ ပထမတကြိမ် သိမ်းပိုက်ရရှိကြောင်း ထုတ်ပြန်ပြီးနောက် စစ်ကောင်စီက ပြန်သိမ်းခဲ့ပြီး အခု ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၈ ရက်မှာ ဒုတိယအကြိမ် သိမ်းပိုက်ရရှိတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေကလည်း AA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို လက်နက်ကြီးတွေ၊ အတွဲလိုက်ဒုံးတွဲနဲ့ ပစ်ခတ်တိုက်ခိုက်နေပါတယ်။

ဇန်နဝါရီ ၂၈ ရက် နေ့လယ်မှာ စစ်ကောင်စီတပ်က ပေါက်တောမြို့နယ်၊ မြေငူကျွန်းက သဲခုံရွာပတ်ဝန်းကျင်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်က ကွန်းတောင်ကျေးရွာတို့ကို တိုက်လေယာဉ်တွေ၊ ဒရုန်းတွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့တာကြောင့် နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ် တယောက်က ပြောပါတယ်။

“ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ ရသေ့တောင်မြို့နယ်တို့ကို နေ့တိုင်းလိုလို ပစ်ခတ်တိုက်ခိုက်တာ။ ဇန်နဝါရီလ ၂၈ ရက်နေ့ကလည်း ပေါက်တော်မြို့နယ်၊ မြေငူကျွန်းက သဲခုံရွာပတ်ဝန်းကျင်ကို ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့သလို ပုဏ္ဏားကျွန်းမြို့နယ် ကွန်းတောင်ရွာကို ‌လည်း အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အိမ် ၂ ဆောင် မီးလောင်ပျက်စီးခဲ့တာရှိတယ်။ စစ်ကောင်စီက AA ထိန်းချုပ်နယ်မြေတွေကို ရန်စတိုက်ခိုက်သလိုမျိုး လုပ်နေတာ” လို့ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ AA တို့အကြားမှာ ဇန်နဝါရီ ၁၄ ရက်ကတည်းက ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်တန့်နေရာက အခုရက်ပိုင်းမှာတော့ ရခိုင်ပြည်ရဲ့ မြို့တော် စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ ရသေ့တောင် မြို့နယ်တို့ကို စစ်ကောင်စီက လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာလို့ စစ်ရေးသတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ပုဏ္ဏားကျွန်းဒေသခံအမျိုးသားတယောက်က “စစ်တွေဘက်က ပစ်ခတ်သံတွေ တပတ်ကျော်လောက် မကြားရတာက ဒီရက်ပိုင်း ပြန်လည်ပစ်ခတ်သံတွေ ကြားလာရတယ်။ တိုက်ပွဲဖြစ်တာလား၊ တဖက်တည်းက ပစ်ခတ်နေတာလားဆိုတာတော့ ကျနော်တို့လည်း မသိဘူး။ လက်နက်ကြီးသံတွေတော့ နေ့တိုင်း ပြန်ကြားလာရတယ်” လို့ ပြောပါတယ်။

အာရက္ခတပ်တော်ဟာ ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်တဲ့ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တို့ကို စစ်ရေးအရဖိအားပေးတိုက်ခိုက်နေသလို စစ်ကောင်စီတပ်ကလည်း အရပ်ဘက်ပစ်မှတ်တွေကို တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေလို့  အရပ်သားထိခိုက် သေဆုံးမှုတွေလည်း ရှိနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013