Home
မြန်မာသတင်း
ICJ ရောက် ဦးကိုကိုလှိုင်နှင့်အဖွဲ့အား ထောက်ခံပွဲအတွက် စစ်တပ်က ငွေသိန်းရာချီ ထောက်ပံ့
DVB
·
January 29, 2026

လူမျိုးတုံး သတ်ဖြတ်မှုနဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ သွားရောက်အမှုရင်ဆိုင်နေရတဲ့ စစ်ကောင်စီ ဝန်ကြီး ဦးကိုကိုလှိုင်နဲ့အဖွဲ့ကို အားပေးထောက်ခံပွဲ လုပ်ဖို့အတွက် ဦးဆောင်သူတွေကို စစ်တပ်က ငွေသိန်းရာနဲ့ချီ ထောက်ပံ့ခဲ့တယ်လို့ မဘသနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်ကနေ  သိရပါတယ်။

ICJ တရားရုံးမှာ သွားရောက်အမှုရင်ဆိုင်နေရတဲ့ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံတဲ့ ဆန္ဒပြပွဲတွေကို ရန်ကုန်၊ ဧရာဝတီနဲ့ မွန်ပြည်နယ်မှာ ဇန်နဝါရီ ၂၇ ရက်က အမျိုးသားရေးလှုပ်ရှားသူတွေနဲ့ တပ်ထောက်ခံသူတွေက ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး ကုန်ကျစရိတ်အတွက် စစ်တပ်က ထောက်ပံ့ခဲ့တာလို့ မဘသနဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။

“၂၀၂၀ ရွေးကောက်ပွဲပြီးတော့ NLD ပါတီကို မဲမသမာမှုလုပ်တယ်ဆိုပြီး ဆန္ဒပြတဲ့အဖွဲ့တွေပဲ ဦးဆောင်တာ။ ကုန်ကျစရိတ်ကို တိုင်းအစိုးရက ထုတ်ပေးတယ်။ လုံခြုံရေးကို အပြင်စည်းမှာ စစ်တပ်နဲ့ ရဲက ယူပေးတယ်။ အတွင်းစည်းမှာ သာကေတ၊ ကြည့်မြင်တိုင်၊ လှိုင်သာယာနဲ့ ဒလက လူမိုက်တွေ ယူပေးတယ်။”

ICJ ထောက်ခံပွဲအတွက် ကုန်ကျစရိတ်ကို ထောက်ခံပွဲလာတဲ့ လူဦးရေအပေါ် မူတည်ပြီး ငွေကျပ် သိန်း ၅၀၀၊ သိန်း ၃၀၀ နဲ့ သိန်း ၁၀၀ စစ်တပ်က ထောက်ပံ့ပေးထားတယ်လို့ သူက ရှင်းပြပါတယ်။

ရန်ကုန်မြို့လယ်၊ ဧမာနွေလ ဘုရားကျောင်းရှေ့မှာ မနေ့ကပြုလုပ်ခဲ့တဲ့ ICJ ထောက်ခံပွဲကို မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်) မှ ဆရာတော် အရှင်သုစိတ္တ၊ အမျိုးသားရေးလှုပ်ရှားသူ ဦးဝင်းကိုကိုလတ်နဲ့ ဦးထိန်လင်းတို့က ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။

မနေ့က မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်မှာ ပြုလုပ်တဲ့ ICJ ထောက်ခံပွဲကို ပြည်သူ့စစ်အဖွဲ့ကို ဦးဆောင်သူ ဇော်ပျံဆရာတော်နဲ့ အမျိုးသားရေးလှုပ်ရှားသူ ဦးဇော်ဟိန်းတို့က လူအင်အား ၇၀၀ နီးပါးနဲ့ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အလားတူ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှာ မနေ့ကပြုလုပ်တဲ့ ICJ ထောက်ခံပွဲမှာတော့ အမျိုးသားရေးသမားတွေ ဦးဆောင်ခဲ့ပြီး လူအင်အား ၅၀၀ နဲ့ ဘိုကလေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကနေ လွတ်လပ်ရေးပန်းခြံအထိ လမ်းလျှောက်ခဲ့ကြတာ ဖြစ်ပါတယ်။

ICJ ထောက်ခံပွဲ ဦးဆောင်သူတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ ထောက်ခံပွဲနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ဆန့်ကျင်ရှုတ်ချပွဲကို ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ နေပြည်တော်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ပြုလုပ်ခဲ့သူတွေလည်း ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013