လူမျိုးတုံးသတ်ဖြတ်မှုနဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ သွားရောက်အမှုရင်ဆိုင်နေရတဲ့ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်စီတန်း လှည့်လည်ပွဲကို ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှာ ဇန်နဝါရီ ၂၇ ရက် မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
ဘိုကလေးမြို့နယ်ထဲက မဘသအဖွဲ့တွေ၊ အမျိုးသားရေးအစွန်းရောက်အဖွဲ့တွေ အယောက် ၁၀၀ လောက်က စီတန်းလှည့်လည် ထောက်ခံပွဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဘိုကလေးမြို့ခံတယောက်က “မေတ္တာတရားကြီးတဲ့ မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်ခြင်း မရှိကြောင်း ငြင်းဆိုတဲ့ အော်ဟစ်သံတွေနဲ့ ထောက်ခံကြောင်း စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြတာ”လို့ပြောပါတယ်။
ကြိုဆိုထောက်ခံပွဲမှာ ပါဝင်သူတွေက မြန်မာနိုင်ငံတော်အလံနဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံအားပေးတဲ့ ဗီနိုင်းတွေ ကိုင်ဆောင်ပြီး ဘိုကလေးမြို့တွင်း စီတန်း လှည့်လည်ခဲ့ကြတာ ဖြစ်ပါတယ်။
ထောက်ခံဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်သူတယောက်က “အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေချည်းပါပဲ။ မနက် ၉ နာရီခွဲအချိန်မှာ ဘိုကလေးမြို့မှာရှိတဲ့ လွတ်လပ်ရေးပန်းခြံမှာ နိုင်ငံတော်အလံကို အလေးပြုပြီး ထောက်ခံပွဲပါ လုပ်ခဲ့သေးတယ်” လို့ပြောပါတယ်။
နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ ICJ တရားရုံးမှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲထားတဲ့ အမှုနဲ့ပတ်သက်ပြီး နောက်ဆုံးကြားနာမှုအဖြစ် ဇန်နဝါရီ ၁၂ ရက်ကနေ ၂၉ ရက်အထိ ၃ ပတ်ကြာ ကြားနာနေတာဖြစ်ပြီး စစ်ကောင်စီကိုယ်စားလှယ် ဝန်ကြီးဦးကိုကိုလှိုင် ဦးဆောင်တဲ့အဖွဲ့ အမှု ရင်ဆိုင်နေပါတယ်။ အလားတူ ထောက်ခံပွဲကို ဇန်နဝါရီ ၂၇ ရက်ကလည်း ရန်ကုန်မြို့လယ်မှာ မဘသတွေက ဦးဆောင် ပြုလုပ်ခဲ့ပါတယ်။






