
လူမျိုးတုံးသတ်ဖြတ်မှုနဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ သွားရောက် အမှုရင်ဆိုင်နေရတဲ့ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံပွဲကို မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂရန်ကုန်နဲ့ အမျိုးသားရေး ညီအစ်ကို မောင်နှမများအဖွဲ့ ရန်ကုန်တို့ကပူပေါင်းပြီး ဧမာနွေလ ဘုရားကျောင်း ရှေ့မှာ ဇန်နဝါရီ ၂၇ ရက် ဒီနေ့ မွန်းလွဲပိုင်းက ကျင်းပပါတယ်။
ဒီထောက်ခံပွဲကို ရန်ကုန်တိုင်းအတွင်းရှိ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ဒေါပုံ၊ သာကေတ၊ မရမ်းကုန်း၊ လှိုင်သာယာ၊ မြောက်ဥက္ကလာစတဲ့မြို့နယ်တွေက မဘသ အဖွဲ့ဝင်တွေ တက်ရောက်ခဲ့သလို ဧရာဝတီတိုင်း ဝါးခယ်မ၊ ဖျာပုံ၊ ညောင်တုန်းမြို့နယ်တွေကလည်း တက်ရောက်ခဲ့ကြပါတယ်။
ဒီအခမ်းအနားမှာ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂရန်ကုန်က အတွင်းရေးမှူးဆရာတော် အရှင်သုစိတ္တက မေတ္တာတရားကြီးတဲ့ မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်ခြင်းမရှိ ကြောင်းငြင်းဆို ဟောပြောခဲ့ပြီး အမျိုးသားရေးတက်ကြွလှုပ်ရှားသူ ဦးဝင်းကိုကိုလတ်တို့က ဂမ်ဘီယာနိုင်ငံကို ရှုတ်ချကာ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့အား ထောက်ခံပြောကြားခဲ့ပါတယ်။
နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ ICJ တရားရုံးမှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲထားတဲ့အမှုနဲ့ ပတ်သက်ပြီး နောက်ဆုံးကြားနာမှုအဖြစ် ဇန်နဝါရီ ၁၂ ရက်ကနေ ၂၉ ရက်အထိ ၃ ပတ်ကြာ ကြားနာနေတာဖြစ်ပြီး စစ်ကောင်စီကိုယ်စားလှယ် ဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်တဲ့အဖွဲ့ အမှုရင်ဆိုင်နေကြတာ ဖြစ်ပါတယ်။


