ကမ္ဘာ့အမြင့်ဆုံးတရားရုံးတခု ဖြစ်သည့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရှေ့မှောက်တွင် ‘လူမျိုးတုံးသတ်ဖြတ်မှု’ ဟူသော စကားလုံးသည် နိုင်ငံတနိုင်ငံအတွက် အပြင်းထန်ဆုံး စွပ်စွဲချက် ဖြစ်နိုင်သည်။
ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဖြင့် ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲချက်ကို မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ရင်ဆိုင်နေရချိန်တွင် ဇန်နဝါရီ ၁၆ ရက်နေ့က စစ်ကောင်စီခန့် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၏ ခုခံချေပချက်များထဲမှ ဥပဒေရေးရာအရ အရေးပါပြီး လူအများ သတိမထားမိနိုင်သည့် အဓိကအချက် ၅ ချက်ကို နိုင်ငံရေးနှင့် ဥပဒေရေးရာ ရှုထောင့်မှ သုံးသပ်တင်ပြအပ်ပါသည်။
အချက် (၁) - တရားစွဲဆိုသူ၏ အမှုတည်ဆောက်ပုံမှာ အားနည်းချက်များရှိသည်ဟု မြန်မာက ထောက်ပြ
ဥပဒေရေးရာ ခုခံချေပမှုတိုင်း၏ အစတွင် ပြိုင်ဘက်၏ အမှုတည်ဆောက်ပုံကို မေးခွန်းထုတ်ခြင်းသည် အခြေခံကျသော နည်းဗျူဟာတခု ဖြစ်သည်။ မြန်မာနိုင်ငံကလည်း ဤနည်းလမ်းကို အသုံးပြု၍ ဂမ်ဘီယာ၏ စွပ်စွဲချက်များသည် လုပ်ထုံးလုပ်နည်းနှင့် သက်သေအထောက်အထားပိုင်းတွင် အားနည်းကြောင်း အဓိကထား ချေပခဲ့သည်။
မြန်မာနိုင်ငံက အခိုင်အမာ ချေပသည်မှာ ဂမ်ဘီယာ၏အမှုသည် ဘက်လိုက်ပြီး ယုံကြည်စိတ်ချရမှုမရှိဟု ယူဆသော ၂၀၁၈ ခုနှစ် အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) ၏ အစီရင်ခံစာကို အလွန်အမင်း မှီခိုနေကြောင်း၊ ဂမ်ဘီယာအနေဖြင့် ထိုအထောက်အထားများကို သီးခြားလွတ်လပ်စွာ ပြန်လည်စစ်ဆေးရန် ကြိုးပမ်းခဲ့ခြင်းမရှိကြောင်း ထောက်ပြခဲ့သည်။
ထို့အပြင် ဂမ်ဘီယာသည် “ရိုးသားဖြောင့်မတ်စွာ” (good faith) ဆောင်ရွက်ခဲ့ခြင်းမရှိဟု မြန်မာဘက်က ပြန်စွပ်စွဲသည်။ NGO အဖွဲ့ဝင်များကို ၎င်းတို့၏ ဥပဒေအဖွဲ့နှင့် ရောနှောထားခြင်း၊ သတင်းအရင်းအမြစ်များမှ အချက်အလက်များကို လိုသလို ပြင်ဆင်ခြင်းတို့သည် တင်သွင်းလာသော သက်သေများ၏ ခိုင်မာမှုကို ကြီးစွာသံသယဖြစ်စေသည်ဟု ဆိုသည်။ ဤသည်မှာ တရားစွဲဆိုမှု၏ အခြေခံအုတ်မြစ်ကို ယိုင်နဲ့စေရန် ရည်ရွယ်သည့် တန်ပြန်ထိုးနှက်ချက်တခု ဖြစ်သည်။
အချက် (၂) - လူမျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်ချက်မရှိ၊ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးသာဖြစ်
မြန်မာနိုင်ငံ၏ ခုခံချေပမှု၏ အဓိကအချက်မှာ ၂၀၁၆-၂၀၁၇ ဖြစ်စဉ်များကို ARSA အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှုများအား တုံ့ပြန်သည့် တန်ပြန်အကြမ်းဖက်စစ်ဆင်ရေးအဖြစ် ပုံဖော်တင်ပြခြင်း ဖြစ်သည်။ မြန်မာစစ်တပ် (တပ်မတော်)၏ လုပ်ဆောင်ချက်များကို “နယ်မြေရှင်းလင်းရေး” (Clearance Operations) ဟု သုံးနှုန်းခဲ့ခြင်းမှာ ကမ္ဘာတဝန်းရှိ သောင်းကျန်းမှု နှိမ်နင်းရေး စစ်ဆင်ရေးများတွင် အသုံးပြုသည့် ပုံမှန်စစ်ဘက်ဆိုင်ရာ အသုံးအနှုန်းတခုသာ ဖြစ်ကြောင်း ရှင်းပြခဲ့သည်။
လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဥပဒေတွင် ကြောက်မက်ဖွယ်ရာ လုပ်ရပ်များ ကျူးလွန်ခဲ့ကြောင်း သက်သေပြရုံမျှနှင့် မလုံလောက်ဘဲ၊ လူမျိုးတစုကို ဖျက်ဆီးရန် 'တိကျခိုင်မာသော ရည်ရွယ်ချက်' (specific intent) ရှိကြောင်းကိုပါ တရားလိုဘက်က သက်သေထူရန် လိုအပ်သည်။ ဤအချက်သည် မြန်မာနိုင်ငံ၏ ခုခံချေပချက်အတွက် အသက်သွေးကြော ဖြစ်သည်။ ထို့ကြောင့် တပ်မတော်၏ တုံ့ပြန်မှုအတွင်း အင်အားအလွန်အကျွံသုံးစွဲမှုများ ရှိခဲ့လျှင်ပင်၊ ထိုလုပ်ရပ်သည် လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် သတ်မှတ်ရန် လိုအပ်သော “တိကျသည့် ရည်ရွယ်ချက်” ရှိသည်ဟု ဥပဒေအရ အဓိပ္ပာယ်သက်ရောက်ခြင်းမရှိကြောင်း ခိုင်မာစွာ ချေပခဲ့သည်။ ဤဥပဒေဆိုင်ရာ အဓိကအချက်ကို ဦးကိုကိုလှိုင်၏ မိန့်ခွန်းမှ အောက်ပါအတိုင်း တိုက်ရိုက်ကောက်နုတ် ဖော်ပြအပ်ပါသည်။ “အကယ်၍ အင်အားအလွန်အကျွံ သုံးခဲ့မည်ဆိုလျှင်ပင် လူမျိုးတုံးစေမှု မြောက်မည် မဟုတ်ပါ။”
အချက် (၃) - “ရိုဟင်ဂျာ” နှင့် “ဘင်္ဂါလီ” အသုံးအနှုန်းဆိုင်ရာ အငြင်းပွားမှုသည် လူမျိုးတုံး သတ်ဖြတ်ရန် ရည်ရွယ်ချက်ကို သက်သေမပြနိုင်
အသုံးအနှုန်းဆိုင်ရာ အငြင်းပွားမှုကို ဖြေရှင်းရာတွင် မြန်မာနိုင်ငံက ၎င်း၏ ရပ်တည်ချက်ကို ရှင်းလင်းစွာ ခုခံခဲ့သည်။ အစိုးရအနေဖြင့် “ရိုဟင်ဂျာ” ဟူသော အမည်ကို တရားဝင် အသုံးမပြုခြင်းသည် ထိုလူအုပ်စု၏ တည်ရှိမှုကို ငြင်းပယ်ခြင်း သို့မဟုတ် ၎င်းတို့အား ရုပ်ပိုင်းဆိုင်ရာအရ ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်ရှိသည်ဟု အဓိပ္ပာယ်မသက်ရောက်ကြောင်း အခိုင်အမာ ချေပသည်။
မြန်မာနိုင်ငံ၏ အမြင်အရ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မွတ်ဆလင်များသည် နယ်စပ်တဖက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြည်သူများနှင့် ယဉ်ကျေးမှု၊ ဘာသာရေးအရ တူညီမှုများရှိသည့်အတွက် “ဘင်္ဂါလီ” ဟု ရည်ညွှန်းသုံးစွဲခြင်းဖြစ်သည်ဟု ရှင်းပြခဲ့သည်။ သို့သော် အမည်နာမ မည်သို့ပင် ခေါ်ဝေါ်သုံးစွဲသည်ဖြစ်စေ ၎င်းတို့သည် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူစာချုပ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ အကာအကွယ်ပေးထားသည့် အုပ်စုတစုဖြစ်ကြောင်းကိုမူ မြန်မာနိုင်ငံက လက်ခံကြောင်း ရှင်းလင်းစွာ ဝန်ခံခဲ့သည်။
အချက် (၄) - နိုင်ငံသားဖြစ်ခွင့်သည် သီးခြားကိစ္စရပ်ဖြစ်ပြီး လူမျိုးတုံးစေရန် ဆန္ဒနှင့် မသက်ဆိုင်
နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာကိစ္စကို လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နှင့် ခွဲခြားတင်ပြခြင်းသည် မြန်မာနိုင်ငံ၏ နောက်ထပ် အဓိကခုခံချေပချက်တခု ဖြစ်သည်။ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး သဘောတူစာချုပ်သည် အဖွဲ့ဝင်နိုင်ငံများအား မည်သည့်လူအုပ်စုကို နိုင်ငံသားအဖြစ် သတ်မှတ်ပေးရမည်ဟု ပြဋ္ဌာန်းထားခြင်းမရှိကြောင်း မြန်မာက အခိုင်အမာ ချေပသည်။
တနည်းအားဖြင့် လူအုပ်စုတစုကို အလိုအလျောက်နိုင်ငံသားဖြစ်ခွင့် မပေးခြင်းသည် ၎င်းတို့ကို ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်ရှိကြောင်း သက်သေမပြနိုင်ပါ။ နိုင်ငံသားဖြစ်ခွင့်သည် သတ်မှတ်ထားသော ဥပဒေဆိုင်ရာ စံနှုန်းများနှင့် ကိုက်ညီမှသာ ရရှိနိုင်သည့် တဦးချင်းစီ၏ အခွင့်အရေးဖြစ်သည်ဟု ဆိုသည်။ ဤအချက်ကို ပိုမိုခိုင်မာစေရန် ဘင်္ဂါလီအများအပြား နိုင်ငံသားတမျိုးမျိုး ရရှိထားပြီးဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ခံယူမည့်ကတ်ပြား (NVC) ကိုင်ဆောင်သူ ၅၀,၀၀၀ နီးပါး ရခိုင်ပြည်နယ်တွင် ရှိနေကြောင်းနှင့် ဘင်္ဂါလီ ၁၅၄,၀၄၉ ဦး မဲပေးပိုင်ခွင့်ရှိကြောင်း ကိန်းဂဏန်းများဖြင့် တင်ပြခဲ့သည်။ ဤကိန်းဂဏန်းများကို တင်ပြခြင်းဖြင့် နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ လုပ်ငန်းစဉ်များ ရှိနေဆဲဖြစ်ပြီး အဆိုပါလူအုပ်စုအား နိုင်ငံတော်၏ အရေးအရာများမှ လုံးဝဖယ်ရှားလိုသည့် ရည်ရွယ်ချက် မရှိကြောင်း မြန်မာဘက်က သက်သေထူရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။
အချက် (၅) - နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရန် ကြိုးပမ်းမှုများ အမှန်တကယ်ရှိနေ
နောက်ဆုံးအနေဖြင့် မြန်မာနိုင်ငံသည် နေရပ်စွန့်ခွာသွားသူများကို ပြန်လည်လက်ခံရန် အမှန်တကယ် ကတိကဝတ်ပြုထားပြီး လက်တွေ့ကြိုးပမ်းမှုများ လုပ်ဆောင်ခဲ့ကြောင်း အကျယ်တဝင့် ရှင်းပြခဲ့သည်။ ထိုကြိုးပမ်းမှုများတွင် ၂၀၁၆-၂၀၁၇ ဖြစ်စဉ်များအပြီးတွင် ဘင်္ဂလားဒေ့ရှ်နှင့် ပြန်လည်လက်ခံရေး သဘောတူညီချက်များ လျင်မြန်စွာ ချုပ်ဆိုခဲ့ခြင်း၊ တရုတ်နိုင်ငံ အပါအဝင် သုံးပွင့်ဆိုင် လုပ်ငန်းအဆင့် ဆွေးနွေးပွဲများ ကျင်းပခဲ့ခြင်းနှင့် ပြန်လည်ဝင်ရောက်လာသူများအတွက် ကြိုဆိုရေးစခန်း၊ လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အပံ့များအထိ ကျယ်ကျယ်ပြန့်ပြန့် ပြင်ဆင်ထားခဲ့ခြင်းတို့ ပါဝင်သည်။
ပြန်လည်လက်ခံရေး နှောင့်နှေးကြန့်ကြာခဲ့ရခြင်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါ၊ မိုခါဆိုင်ကလုန်းမုန်တိုင်းနှင့် ဒေသတွင်း လုံခြုံရေးမတည်ငြိမ်မှုများကြောင့် ဖြစ်ကြောင်းလည်း ရှင်းလင်းခဲ့သည်။ ဤလုပ်ဆောင်ချက်များသည် လူအများကို အပြီးတိုင် နေရပ်မှ နှင်ထုတ်ဖယ်ရှားရန် ရည်ရွယ်ချက်မရှိကြောင်း ပြသရန်နှင့် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်၏ အဓိကအချက်ကို ချေဖျက်ရန် ရည်ရွယ်သည်။

မြန်မာနိုင်ငံ၏ ခုခံချေပချက် အဓိကအချက်အလက်များ အနှစ်ချုပ်
စစ်ကောင်စီခန့် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၏ မိန့်ခွန်းသည် မြန်မာနိုင်ငံ၏ ရပ်တည်ချက်ကို ဘက်ပေါင်းစုံမှ ရှင်းလင်းတင်ပြထားပြီး အဓိကအားဖြင့် အချက်ကြီး ၆ ချက်ကို ဗဟိုပြုထားသည်။ ပထမအချက်မှာ၊ မြန်မာနိုင်ငံသည် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး သဘောတူစာချုပ်နှင့် ICJ ၏ တရားစီရင်ရေး လုပ်ငန်းစဉ်များကို အပြည့်အဝ အသိအမှတ်ပြု လေးစားကြောင်းနှင့် နိုင်ငံ၏ ဂုဏ်သိက္ခာကို ကာကွယ်ရန် တရားရုံးရှေ့မှောက်သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း အလေးပေးဖော်ပြသည်။
ဒုတိယအချက်အနေဖြင့်၊ ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုမှုသည် ဘက်လိုက်ပြီး ယုံကြည်စိတ်ချဖွယ် မရှိသော အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) ၏ အစီရင်ခံစာများအပေါ်တွင်သာ အခြေခံထားပြီး ခိုင်မာသော သက်သေအထောက်အထားများ ကင်းမဲ့နေကြောင်း ထောက်ပြသည်။
တတိယအချက်မှာ၊ ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော စစ်ဆင်ရေးများသည် ARSA အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့် “နယ်မြေရှင်းလင်းရေး” စစ်ဆင်ရေးများသာဖြစ်ပြီး လူမျိုးတစုကို ဖျက်ဆီးလိုသော ရည်ရွယ်ချက် (genocidal intent) မရှိကြောင်း အခိုင်အမာ ချေပထားသည်။ အင်အားအလွန်အကျွံသုံးစွဲမှု (ရှိခဲ့လျှင်ပင်) သည် လူမျိုးတုံးသတ်ဖြတ်မှု မမြောက်ကြောင်း ဥပဒေကြောင်းအရ တင်ပြသည်။
စတုတ္ထအချက်အဖြစ် “ရိုဟင်ဂျာ” အမည်နာမ အသုံးပြုမှုနှင့် နိုင်ငံသားဖြစ်ခွင့် ကိစ္စရပ်များသည် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး သဘောတူစာချုပ်နှင့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိဘဲ နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် သက်ဆိုင်သည့်ကိစ္စများ ဖြစ်ကြောင်း ရှင်းလင်းသည်။ ပဉ္စမအချက်အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသွားသူများကို ပြန်လည်လက်ခံရန် မြန်မာနိုင်ငံက အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ ၂ နိုင်ငံ သဘောတူညီချက်များ၊ ပြန်လည်နေရာချထားရေး အစီအစဉ်များနှင့် တရုတ်နိုင်ငံ ပါဝင်သော သုံးပွင့်ဆိုင် ဆွေးနွေးမှုများကို သက်သေအဖြစ် တင်ပြသည်။
နောက်ဆုံးအချက်မှာ၊ တရားရုံးအနေဖြင့် နိုင်ငံရေးအရ လိုရာဆွဲ အသုံးချမှုများကို ရှောင်ရှားပြီး ဘော့စနီးယားနှင့် ခရိုအေးရှားအမှုများတွင် ကျင့်သုံးခဲ့သည့် တင်းကျပ်သော ဥပဒေစီရင်ထုံးများကိုသာ လိုက်နာရန်နှင့် သက်သေအထောက်အထားများကို လွတ်လပ်စွာ သုံးသပ်ဆုံးဖြတ်ရန် တောင်းဆိုခြင်း ဖြစ်သည်။
ICJ တရားရုံးတော်သို့ မြန်မာနိုင်ငံဘက်က တင်ပြတောင်းဆိုချက်
* ဥပဒေ၏ မူလအဓိပ္ပာယ်ဖွင့်ဆိုချက်ကို လိုက်နာရန်- တရားရုံးအနေဖြင့် လူမျိုးတုံးစေမှုဆိုင်ရာ ကွန်ဗင်းရှင်း၏ ၁၉၄၈ ခုနှစ် မူလအဓိပ္ပာယ်ဖွင့်ဆိုချက်များကိုသာ အခြေခံသုံးသပ်ရန် တောင်းဆိုသည်။
* စီရင်ထုံးဥပဒေကို လေးစားရန်- ဘော့စနီးယားနှင့် ခရိုအေးရှားနိုင်ငံတို့၏ အမှုများတွင် တရားရုံးက ချမှတ်ကျင့်သုံးခဲ့သော စီရင်ထုံးဥပဒေကိုသာ လိုက်နာဆောင်ရွက်ရန် တင်ပြသည်။
* ဘက်လိုက်သော အဖွဲ့အစည်းများကို မကိုးကားရန်- FFM နှင့် IIMM ကဲ့သို့သော အဖွဲ့အစည်းများ၏ သုံးသပ်ချက်များသည် ဘက်လိုက်မှုရှိသဖြင့် ယုံကြည်ကိုးကားခြင်းမပြုဘဲ သက်သေအထောက်အထားများကို တရားရုံး၏ ဆင်ခြင်တုံတရားဖြင့် လွတ်လပ်စွာ သုံးသပ်ရန် တောင်းဆိုသည်။
* နိုင်ငံရေးအမြတ်ထုတ်မှုကို ရှောင်ရှားရန်- အချို့က တရားရုံးကို နိုင်ငံရေးအကျိုးအမြတ်အတွက် အသုံးချနေခြင်းကို တရားရုံးက သတိပြုပြီး နိုင်ငံတကာ ပဋိပက္ခဖြေရှင်းရေးဟူသော မူလတာဝန်ကိုသာ အာရုံစိုက်ရန် တိုက်တွန်းခဲ့သည်။
နိဂုံး
အချုပ်အားဖြင့်ဆိုသော် မြန်မာနိုင်ငံ၏ ခုခံချေပချက်သည် တရားစွဲဆိုသူ၏ အမှုခိုင်မာမှုကို စိန်ခေါ်ခြင်း၊ စစ်ရေးဆောင်ရွက်ချက်များကို အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးအဖြစ် ပုံဖော်ခြင်းနှင့် နိုင်ငံသားဖြစ်ခွင့်ကဲ့သို့သော ပြည်တွင်းဥပဒေကိစ္စရပ်များကို လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်နှင့် သီးခြားခွဲထုတ်သုံးသပ်ပြခြင်း စသည့် မဏ္ဍိုင်ကြီးများပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်သည်။
တရားရုံးကြားနာပွဲကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ သီတင်း ၂ ပတ်ကျော်ကြာ ပြုလုပ်နေခြင်းဖြစ်ပြီး ဂမ်ဘီယာနိုင်ငံက ဇန်နဝါရီ ၁၂ ရက်မှ ၁၅ ရက်အထိ အရင်ဆုံး လျှောက်လဲခဲ့သည်။ မြန်မာနိုင်ငံဘက်က ဇန်နဝါရီ ၁၆ ရက်မှ ၂၀ ရက်အထိ တကြိမ်၊ ဇန်နဝါရီ ၂၈ ရက်မှ ၂၉ ရက်အထိ တကြိမ်၊ ၂ ကြိမ် လျှောက်လဲချေပခွင့်ရမည် ဖြစ်သည်။
ICJ တရားရုံးတွင် ဂမ်ဘီယာက လျှောက်လဲချက်များ (ဖတ်ရှုနိုင်)—https://burmese.dvb.no/post/741626




