
နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဂမ်ဘီယာနိုင်ငံကနေ စွပ်စွဲထားတဲ့ အမှုနဲ့ ပတ်သက်ပြီး ဇန်နဝါရီ ၁၆ ရက်ဒီကနေ့ မြန်မာဘက်က ခုခံချေပ လျှောက်လဲနေပါတယ်။
စစ်ကောင်စီခန့် သမ္မတရုံးဝန်ကြီးဌာန-၂ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်ပြီး မြန်မာဘက်က ရှေ့နေတွေက လျှောက်လဲချက်ပေးနေတာဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာသဘောတူညီချက်တွေ၊ စည်းမျဉ်းစည်းကမ်းတွေ အားလုံးကို စောင့်ထိန်းလိုက်နာနေကြောင်းနဲ့ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခြင်းမရှိကြောင်း တရားရုံးမှာ ပြောကြားသွားပါတယ်။
ဒါ့အပြင် ရိုဟင်ဂျာတွေကို ရည်ရွယ်ချက်ရှိရှိ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ ဂမ်ဘီယာဘက်က စွပ်စွဲချက်တွေဟာ မယုံကြည်ရတဲ့ တိကျမှန်ကန်မှုမရှိတဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာတွေပေါ် အခြေခံတာဖြစ်ပြီး ဂမ်ဘီယာအနေနဲ့ သက်သေအထောက်အထားတွေကို ဓမ္မဓိဋ္ဌာန်ကျကျ တင်ပြဖို့ ပျက်ကွက်ခဲ့တယ်လို့လည်း ပြောသွားပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ဇန်နဝါရီ ၁၆ ရက်မှ ၂၀ ရက်အထိ တကြိမ်၊ ဇန်နဝါရီ ၂၈ ရက်မှ ၂၉ ရက်အထိ တကြိမ်၊ ၂ ကြိမ် လျှောက်လဲချေပခွင့်ရမှာ ဖြစ်ပါတယ်။ ဂမ်ဘီယာနိုင်ငံကတော့ ဇန်နဝါရီ ၁၂ ရက်မှ ၁၅ ရက်အထိ လျှောက်လဲချက် အရင်တင်သွင်းပြီးဖြစ်ပါတယ်။


