Home
မြန်မာသတင်း
ရိုဟင်ဂျာများအပေါ်  စစ်တပ်က စော်ကားနှိမ့်ချပြောဆိုပြီး တိုက်ခိုက်ခဲ့ဟု  ICJ ၌ ဂမ်ဘီယာလျှောက်ထား 
DVB
·
January 16, 2026
Photo :Reuters

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် စွဲဆိုထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ အမှုနဲ့ ပတ်သက်ပြီးတော့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ကြားနာရာမှာ မြန်မာစစ်တပ်က ရိုဟင်ဂျာတွေကို စော်ကားနှိမ့်ချတဲ့ အမုန်းစကားတွေနဲ့ပြောဆို အကြမ်းဖက်ဖို့လှုံ့ဆော်ခဲ့ကြောင်း ထွက်ဆိုချက် ထွက်ပေါ်လာတယ်လို့  ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။

တရားခွင်အတွင်း တင်ပြချက်တွေထဲမှာတော့ စနစ်တကျ နှိမ့်ချဆက်ဆံမှုတွေနဲ့ ပတ် သက်ပြီးတော့ ဂမ်ဘီယာ ဥပဒေအဖွဲ့က ဂျက်ဆီကာဂျုန်းစ်က ရိုဟင်ဂျာတွေဟာ မြန်မာ စစ်တပ် အဆင့်မြင့်အရာရှိတွေ၊ တခြားအဖွဲ့ဝင်တွေဆီကနေ ကာလရှည်ကြာ စော်ကား နှိမ့်ချမှုတွေ၊ အမုန်းစကားတွေကို ခံခဲ့ရကြောင်း အလေးပေး ပြောကြားခဲ့တာပါ။

ဒါ့အပြင် ၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်းက Facebook ပေါ်တင်ခဲ့တဲ့ ဗီဒီယိုအထောက် အထားတခုမှာတော့ စစ်သားတယောက်က "အဲဒီတိရစ္ဆာန်တွေ နေထိုင်တဲ့ ရွာတွေကို ရှင်းလင်းမယ်" လို့ ပြောဆိုခဲ့ပြီး လက်နက်၊ ခဲယမ်းတွေနဲ့အတူ အဆိုပါ တိရစ္ဆာန်တွေကို ရဲရဲဝံ့ဝံ့ တိုက်ခိုက်ဖို့ လှုံ့ဆော်ခဲ့ကြောင်း တွေ့ရှိရတာကို တင်ပြခဲ့သလို ဒါက ၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်တာဖြစ် တယ်လို့လည်း ပြောထားပါတယ်။

"သူက သူတို့ကို ပြောခဲ့တယ်၊ ကျမ ကိုးကားပြီး ပြောရရင်တော့ 'အဲဒီတိရစ္ဆာန်တွေ နေတဲ့ ရွာတွေကို ငါတို့ အပြီးရှင်းမယ်။ ငါတို့မှာ သေနတ်တွေရှိတယ်၊ ကျည်ဆန်တွေ ရှိတယ်။ ဒါတွေနဲ့ပဲ ငါတို့ လာခဲ့တာ။ အဲဒီ တိရစ္ဆာန်တွေကို တိုက်ခိုက်မဲ့ စိတ်ဓာတ်နဲ့ လက်နက်ခဲယမ်းတွေကို ငါတို့ သယ်လာခဲ့ပြီ။ မင်းတို့ တုတ်တွေဓားတွေ ကိုင်နိုင်တာ အကုန်ကိုင်ပြီး အဲဒီ တိရစ္ဆာန်တွေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ကြစမ်း' လို့ ပြောခဲ့တာပါ" 

မြန်မာနိုင်ငံဟာ ၂၀၁၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာတွေ အပေါ် ရက်စက်ကြမ်းကြုတ်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုကာ ဂမ်ဘီယာနိုင်ငံက နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့က  အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တရားစွဲဆိုထားတာပါ။ 

စွပ်စွဲချက်တွေထဲမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်တာ၊ အမျိုးသမီးတွေ ကလေးသူငယ်တွေအပါအဝင် အရပ်သား ၁၀,၀၀၀ လောက်အထိ ခွဲခြားမှု မရှိဘဲ သတ်ဖြတ်တာတွေ၊ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ ရွာပေါင်း ရာနဲ့ချီ တမင်တကာ မီးရှို့ဖျက်ဆီးတာတွေ ပါဝင်တယ်လို့ ဆိုပါ တယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာအကြီးအကဲ ဇိတ်ရာအဒ်အယ်လ် ဟူစိန်ကတော့ ဒီဖြစ်ရပ်ကို "လူမျိုးစုအလိုက် သုတ်သင်ရှင်းလင်းခြင်းရဲ့ စာအုပ်ကြီးအတိုင်း ပုံစံတူသာဓက" လို့ ဖော်ပြခဲ့ပြီး မြန်မာဘက်ကတော့ သူတို့အနေနဲ့ ရိုဟင်ဂျာတွေအပေါ် တမင်တကာ နှိပ်စက်ညှဉ်းပန်းတာ မရှိကြောင်းနဲ့ ARSA ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်တဲ့ စစ်ဆင်ရေးတွေကိုသာဆောင်ရွက်ခဲ့တာဖြစ်ကြောင်း ကာလရှည်ကြာ ငြင်းဆို ထားပါတယ်။

လာမဲ့ သီတင်းပတ်ထဲမှာတော့ ရိုဟင်ဂျာ သက်သေ ၃ ယောက်က  တရားရုံးမှာ ကိုယ်တိုင် ကိုယ်ကျထွက်ဆိုမှာဖြစ်တယ်လို့ သိရပါတယ်။

တရားရုံးကြားနာပွဲကိုတော့ ဇန်နဝါရီ ၁၂ ရက်ကနေ ၂၉ ရက်အထိ သီတင်း ၂ ပတ်ကျော် ကြာ ပြုလုပ်နေတာမှာ ဂမ်ဘီယာဘက်က အရင်လျှောက်လဲနေပြီး မြန်မာနိုင်ငံဘက်က တော့ ဇန်နဝါရီ ၁၆ ရက် ဒီကနေ့ကနေ ၂၀ ရက်အထိ တကြိမ်၊ ဇန်နဝါရီ ၂၈ ရက်မှ ၂၉ ရက်အထိ တကြိမ်၊ ၂ ကြိမ် လျှောက်လဲချေပခွင့်ရမှာ ဖြစ်ပါတယ်။

တရားရုံးကြားနာပွဲကိုတော့ စစ်ကောင်စီခန့် သမ္မတရုံးဝန်ကြီးဌာန-၂ ပြည်ထောင်စုဝန် ကြီး ဦးကိုကိုလှိုင်နဲ့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ဦးဆောင်တဲ့အဖွဲ့က တက်ရောက်နေကြပါတယ်။

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာတော့ ဂမ်ဘီယာနဲ့ မြန်မာတို့အကြား တရားရင်ဆိုင်နေရတာနဲ့ ပတ်သက်ပြီးတော့ အပြည်ပြည်ဆိုင်ရာဥပဒေနဲ့ တရားရုံးရဲ့ အခန်းကဏ္ဍကို အလေးထား ယုံကြည်ကြောင်း ပြသတဲ့အနေနဲ့ မြန်မာနိုင်ငံက ဒီကြားနာပွဲကို တက်ရောက်နေတာလို့ ဖော်ပြပါတယ်။

ဒါ့အပြင် ဒီတရားစွဲဆိုမှုမှာ ကြီးလေးတဲ့ အပြည်ပြည်ဆိုင်ရာဥပဒေကို ချိုးဖောက်တယ်လို့ စွပ်စွဲခံထားရတာကြောင့် အဆိုပါ တရားစီရင်မှုက မြန်မာနိုင်ငံအတွက် အလွန်အ ရေးကြီးတယ်လို့လည်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါကြောင့်မို့ မြန်မာအစိုးရအနေနဲ့ နိုင်ငံနဲ့ ပြည်သူတို့ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်နိုင်ဖို့ အခြေအမြစ်မရှိတဲ့ အချက်အလက်တွေကို အခြေခံတဲ့ တဖက်သတ် အစီရင်ခံစာတွေက အမှန်တရားကိုဖော်ဆောင်နိုင်ခြင်းမရှိကြောင်း ထုတ်ပြန်ထားပါတယ်။

အပြည်ပြည်ဆိုင်ရာတရားရုံးအနေနဲ့ သက်သေအထောက်အထားတွေကို ဓမ္မဓိဋ္ဌာန်ကျစွာ သုံးသပ်ပြီးတော့ လူမျိုးတုံးစေမှုကို တားဆီးရေးနဲ့ ပြစ်ဒဏ်ပေးရေးဆိုင်ရာ သဘောတူ စာချုပ်ပါ ဥပဒေမူဘောင်တွေနဲ့ အချက်အလက်မှန်တွေကို အခြေခံပြီးတော့ တရားမျှ တပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်မယ်လို့လည်း ယုံကြည်တယ်လို့ စစ်ကောင်စီက  ထုတ်ပြန် ထားပါတယ်။

Photo: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013