
မြန်မာ့အရေးအတွက် ဒေါ်လာ ၁၂၁ သန်း အကူအညီပေးမဲ့ အမေရိကန်အစိုးရရဲ့ ၂၀၂၆ ခုနှစ် ဘဏ္ဍာရေး ခွဲဝေချထားမှု ဥပဒေကြမ်းကို အောက်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
ဒေသစံတော်ချိန် ဇန်နဝါရီ ၁၄ ရက်မှာ ဘဏ္ဍာရေးဝန်ဆောင်မှုများ၊ အထွေထွေအစိုးရနဲ့ အမျိုးသားလုံခြုံရေး၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ဆက်စပ်အစီအစဉ်များဆိုင်ရာ ၂၀၂၆ ခုနှစ် ဘဏ္ဍာရေး ခွဲဝေချထားမှု ဥပဒေကြမ်းကို အမေရိကန်အောက်လွှတ်တော်မှာ ထောက်ခံမဲ ၃၄၁ မဲ၊ ကန့်ကွက်မဲ ၇၉ မဲနဲ့ အတည်ပြုလိုက်တာပါ။
ဒီဥပဒေမှာ ဖော်ပြချက်တွေအရ ခွဲဝေချပေးတဲ့ ရန်ပုံငွေတွေထဲက မြန်မာနိုင်ငံအတွက် အကူအညီအဖြစ် ဒေါ်လာ ၁၂၁ သန်းထက်မနည်းတဲ့ ပမာဏကို ရမှာဖြစ်ပါတယ်။
ဥပဒေကြမ်းအဆင့်ကနေ ဥပဒေအဖြစ် အတည်ပြုနိုင်ဖို့ အထက်လွှတ်တော်မှာ ဆက်လက်ဆွေးနွေး အတည်ပြုတာ၊ သမ္မတထရမ့်ပ်က လက်မှတ်ရေးထိုး အတည်ပြုတာ စတဲ့အဆင့်တွေတော့ ကျန်နေပါသေးတယ်။
လော့စ်အိန်ဂျယ်လိစ်မြန်မာလှုပ်ရှားမှုအဖွဲ့မှ ဂျိမ်း(စ်)ရွှေက “အဲဒီဥပဒေကြမ်းက အောက်လွှတ်တော်က အတည်ပြုလိုက်တယ်ဗျ။ အတည်ပြုတာမှ တော်တော် အပြတ်အသတ် အတည်ပြုလိုက်တာ၊ ကန့်ကွက်မဲက ၄ ပုံ ၁ ပုံလောက်ပဲ ရှိတယ်။ တော်တော် ထောက်ခံတယ်လို့ ပြောရမှာပေါ့လေ။ မနှစ်တုန်းကဆိုရင် အောက်လွှတ်တော်က သန်း ၅၀ ပဲ ပေးတာ၊ အထက်လွှတ်တော်က ၁၂၁ သန်းပေးတာ၊ အဲဒါကို ကျနော်တို့ မနည်း တောင်းဆိုရတာပေါ့ ၁၂၁ သန်းရအောင်။ ဒီနှစ်ကျတော့ စကတည်းက ၁၂၁ သန်းဆိုတော့ အထက်လွှတ်တော်ကတော့ ဖြတ်မယ်မထင်ဘူးဗျ။ ကျနော်တို့ ယူဆလို့ရတာကတော့ လွှတ်တော်က အခုထက်ထိ မြန်မာ့အရေးကို စိတ်ဝင်စားတုန်းပဲ၊ ထောက်ခံတုန်းပဲ ဆိုတာလေ။ အဲဒါကတော့ သေချာတာပေါ့ဗျာ” လို့ ပြောပါတယ်။
မြန်မာနိုင်ငံအတွက် ဒေါ်လာ ၁၂၁ သန်းကို ခွဲဝေအသုံးပြုဖို့ လျာထားချက်မှာ ထိုင်းနဲ့ အိန္ဒိယ နယ်စပ်ဖြတ်ကျော် ကူညီထောက်ပံ့မှုတွေ အပါအဝင် တခြားအကူအညီတွေအတွက် ဒေါ်လာ ၇၅ သန်းအထိ အသုံးပြုဖို့ ဖော်ပြထားပါတယ်။
တော်လှန်ရေးအင်အားစုတွေအတွက် သေစေနိုင်တဲ့လက်နက် မဟုတ်တဲ့ အကူအညီတွေပေးဖို့ ဒေါ်လာ ၂၅ သန်း၊ ပြည်နယ်နဲ့ ဒေသန္တရအုပ်ချုပ်ရေးနဲ့ ဖက်ဒရယ်စနစ် တည်ဆောက်ရေး အစီအစဉ်တွေအတွက် ဒေါ်လာ ၁၀ သန်း၊ အကြမ်းဖက်မှုတွေကို ကာကွယ်ဖို့နဲ့ ကျူးလွန်မှုတွေအတွက် တရားမျှတမှု ဖော်ဆောင်နိုင်ရေးအတွက် ဒေါ်လာ ၇ သန်း၊ နိုင်ငံရေးအကျဉ်းသားတွေနဲ့ အကျဉ်းသားဟောင်းတွေကို ကူညီဖို့ ဒေါ်လာ ၁ သန်းခွဲ၊ စစ်ကောင်စီတပ်ဘက်ကနေ ဘက်ပြောင်းခိုလှုံလာသူ CDM တွေကို အကူအညီပေးဖို့အတွက် ဒေါ်လာ ၁ သန်းခွဲ၊ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ယူမှု တာဝန်ခံမှု အစီအစဉ်တွေအတွက် ဒေါ်လာ ၁ သန်း စသဖြင့် အသုံးပြုဖို့ ရည်ရွယ်ထားတာ တွေ့ရပါတယ်။
မြန်မာ့ဒီမိုကစီအရေး မဟာမိတ်များအဖွဲ့မှ မခင်သီရိနန္ဒာစိုးက “မြန်မာနိုင်ငံအပေါ်မှာ ဆက်လက်ပြီးတော့မှ ကူညီလိုတဲ့ သူတို့ရဲ့ မြန်မာအပေါ်မှာထားတဲ့ သူတို့ရဲ့ပေါ်လစီကို ပြသတဲ့ အရိပ်အယောင်တွေ ကျမတို့ တွေ့ရတယ်ပေ့ါ။ ဒီထဲမှာက အရေးကြီးတဲ့ကဏ္ဍတွေ အများကြီးပါတယ်။ ဒီမိုကရေစီအရေးတွေ ပါသလို လူသားချင်းစာနာထောက်ထားတဲ့ ကိစ္စတွေ ပါတယ်၊ လက်နက်မဟုတ်တဲ့ အကူအညီတွေ ဒါနဲ့ဆက်စပ်တဲ့ သင်တန်းတွေပေးတဲ့ ကိစ္စမျိုးတွေ အများကြီး ပါဝင်တယ်။ သူတို့ရဲ့ အင်ဒို-ပစိဖိတ် မဟာဗျူဟာအတွက်ပေါ့၊ တရုတ်ကို ပြန်ပြီးတော့မှ ကိုင်တွယ်နိုင်ဖို့အတွက် လျာထားတဲ့ကိစ္စတွေ၊ မူးယစ်ဆေးတွေနဲ့ပတ်သက်ပြီး ကိုင်တွယ်တဲ့ဟာတွေမှာ သုံးဖို့တွေ၊ နောက် အကြမ်းဖက်မှုကိစ္စမျိုးတွေမှာ သုံးဖို့တွေ ဒါတွေပါနေတာ ဖြစ်တဲ့အတွက် ဒီဥပဒေကြမ်းဟာ ဥပဒေဖြစ်လာဖို့အတွက် မြန်မာ့တော်လှန်ရေးအတွက် အင်မတန်မှ အရေးကြီးတဲ့ကိစ္စ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
မြန်မာ့အရေးအတွက် ဒေါ်လာ ၁၂၁ သန်း အကူအညီပေးမဲ့ အမေရိကန်အစိုးရရဲ့ ၂၀၂၆ ခုနှစ်အတွက် ဘတ်ဂျက်ဥပဒေ အတည်ပြုပြီးရင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ USAID တို့ကနေတဆင့် လုပ်ငန်းဆောင်ရွက်မဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အစီအစဉ်တွေ ရေးဆွဲပြီး စာချုပ်ချုပ်ဆိုတဲ့အဆင့်ကို ဆောင်ရွက်တာဖြစ်ပါတယ်။
အမေရိကန်အစိုးရနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ စာချုပ်ချုပ်ပြီးမှ လုပ်ငန်းလည်ပတ်ဖို့ ငွေကြေးကို အပိုင်းခွဲပြီး ပေးအပ်တာဖြစ်ပါတယ်။
သုတချမ်းသာ


