
ရန်လိုမှုတွေဟာ တိကျပြတ်သားတဲ့ တရားဥပဒေနဲ့အညီ တုံ့ပြန်မှုတွေနဲ့သာ တွေ့ရမှာဖြစ်ကြောင်း ကုလသမဂ္ဂမှာ အမေရိကန်ကို အီရန်က သတိပေးခဲ့ပါတယ်။
အမေရိကန်နိုင်ငံက ရဲရင့်တဲ့ အီရန်ပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်းနဲ့ လူသတ်မှုတွေကို ရပ်တန့်ရမှာဖြစ်ပြီး စားပွဲဝိုင်းမှာ ရှင်းရှင်းလင်းလင်း ဆွေးနွေးရမှာဖြစ်တဲ့အကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် မိုက်ဝေါ့ဇ်က ဇန်နဝါရီ ၁၅ ရက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ပြောခဲ့ပါတယ်။
အီရန်မှာ အစိုးရကို ဆန့်ကျင်တဲ့သူတွေ ထောင်နဲ့ချီပြီး အသတ်ခံရတာနဲ့ ပတ်သက်ပြီး ဆန္ဒပြသူတွေဘက်ကနေ ကြားဝင်တိုက်ခိုက်မယ်လို့ ထရမ့်ပ်က အကြိမ်ကြိမ် ခြိမ်းခြောက်ထားတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဇန်နဝါရီ ၁၅ ရက်မှာတော့ ထရမ့်ပ်က အီရန်နိုင်ငံရဲ့ အခြေအနေကို စောင့်ကြည့်မယ်လို့ ဆိုပါတယ်။
အစုလိုက် အပြုံလိုက် သေဒဏ်ပေးဖို့ မရှိတော့ဘူးလို့ ယုံကြည်ကြောင်းနဲ့ လူသတ်မှုနှုန်းလည်း နည်းလာတယ်လို့ ထရမ့်ပ်က ပြောထားပါတယ်။
ဒီလို ဆန္ဒပြပွဲတွေဟာ ပြည်ပက အကွက်ချ စီစဉ်ထားတာတွေဖြစ်ပြီး စစ်ရေးအရ ဝင်စွက်ဖက်မှုတွေ ရှိလာမယ်ဆိုတဲ့ အီရန်ရဲ့ စွပ်စွဲချက်ကို ဝေါ့ဇ်က ငြင်းပယ်ခဲ့တာ တွေ့ရပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အီရန်ကိုယ်စားလှယ် ဒါဇီ ကတော့ အီရန်ဟာ တင်းမာမှုတွေ အရှိန်မမြင့်အောင် ဆောင်ရွက်နေကြောင်းနဲ့ ဝေါ့ဇ်ရဲ့ ပြောဆိုမှုတွေက အလိမ်အညာတွေ၊ သတင်းအမှားတွေဖြစ်ပြီး အီရန်ကို အမေရိကန်နိုင်ငံက အကြိမ်းဖက် ဝင်ရောက်စွက်ဖက်မှုတွေလုပ်ဖို့ ဖြစ်တဲ့အကြောင်း စွပ်စွဲပြောကြားခဲ့ပါတယ်။
သူက တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ပြီးပဲဖြစ်စေ ဘယ်လိုရန်စမှုမျိုးတွေ ဖြစ်ပါစေ တိကျပြတ်သားတဲ့ တုံ့ပြန်မှုတွေ၊ ဥပဒေနဲ့ညီတဲ့ တုံ့ပြန်မှုတွေ ပြုလုပ်သွားမယ်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်နဲ့ အီရန်အရေးနဲ့ ပတ်သက်ပြီးလည်း အမေရိကန်ဟာ အချုပ်အချာအာဏာပိုင်နိုင်ငံရဲ့ အရေးကို ဝင်ရောက်စွက်ဖက်တာ ဖြစ်တဲ့အကြောင်း ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကလည်း ဝေဖန်ထားပါတယ်။
ဒါ့အပြင် တရုတ်သံအမတ်ကလည်း အီရန်ကို အင်အားသုံး ဝင်ရောက်တိုက်ခိုက်တာက ပြဿနာကို ဖြေရှင်းတဲ့နည်းလမ်း မဟုတ်ကြောင်းလည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ပြောဆိုခဲ့ပါတယ်။
Source: Reuters


