
အမေရိကန်ပြည်ထောင်စုဟာ အမေရိကန် ဒေါ်လာ သန်း ၅၀၀ တန်ဖိုးရှိ ဗင်နီဇွဲလားရေနံကို ပထမဆုံးအကြိမ် ရောင်းချပြီးစီးပြီဖြစ်ကြောင်း အမေရိကန်အရာရှိတယောက်က ပြောကြားလိုက်ပြီး လာမဲ့ရက်တွေနဲ့ ရက်သတ္တပတ်တွေအတွင်း ရေနံရောင်းချမှုတွေ ထပ်ရှိလာဦးမယ်လို့လည်း ထပ်လောင်းပြောပါတယ်။
ဇန်နဝါရီ ၃ ရက်က အမေရိကန်စစ်တပ်တွေဟာ အကြီးစားတိုက်ခိုက်မှုတခုပြုလုပ်ကာ ဗင်နီဇွဲလား သမ္မတ နီကိုလပ်စ်မာဒူရိုနဲ့ သူ့ဇနီးကို ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ပြီးနောက် သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်က ဗင်နီဇွဲလားရဲ့ ကြီးမားတဲ့ရေနံသိုက်တွေကို ထုတ်ယူဖို့ စီစဉ်ထားကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပါတယ်။
အဲဒီအချိန်ကစပြီး အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်ရဲ့ အစိုးရအဖွဲ့က ဗင်နီဇွဲလားရေနံရောင်းချမှုကို အမေရိကန်က အကန့်အသတ်မရှိ ထိန်းချုပ်သွားမှာဖြစ်ပြီး ဗင်နီဇွဲလားအာဏာပိုင်တွေဟာ အမေရိကန်ကို ခွင့်ပြုထားတဲ့ ရေနံစည်ပေါင်း သန်း ၃၀ မှ သန်း ၅၀ အထိ "လွှဲပြောင်းပေးမယ်"လို့ ပြောကြားကာ စီးပွားရေးအခွင့်အလမ်းအသစ်တခုအဖြစ် ပုံဖော်ဖို့ မြန်မြန်ဆန်ဆန် ပြောင်းလဲခဲ့ပါတယ်။
အမေရိကန် စွမ်းအင်သတင်းအချက်အလက် စီမံခန့်ခွဲရေးဌာနရဲ့ အဆိုအရ ဗင်နီဇွဲလားမှာ ကမ္ဘာ့အကြီးဆုံး ရေနံစိမ်းသိုက်တွေရှိပြီး စည်ပေါင်း ၃၀၃ ဘီလီယံလောက် ဒါမှမဟုတ် ကမ္ဘာ့စုစုပေါင်းရဲ့ ၁၇ ရာခိုင်နှုန်းလောက် ရှိပါတယ်။
ဇန်နဝါရီ ၁၆ ရက်မှာ ထရမ့်ပ်က ဗင်နီဇွဲလားရဲ့ ပျက်စီးယိုယွင်းနေတဲ့ စွမ်းအင်ကဏ္ဍကို ပြန်လည် တည်ဆောက်ရေးအတွက် ရေနံလုပ်ငန်းမှာ အနည်းဆုံး ဒေါ်လာ ၁၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမှာဖြစ်ကြောင်း ပြောကြားခဲ့ပေမဲ့ ဒီကိန်းဂဏန်းနံပါတ်တွေက ဘယ်နေရာကနေ လာကြောင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
Source: Reuters


