
ဂါဇာငြိမ်းချမ်းရေးအစီအစဉ် ဒုတိယအဆင့် စတင်မှာ ဖြစ်တဲ့အကြောင်း အမေရိကန်က ဇန်နဝါရီ ၁၄ ရက်မှာ ကြေညာပါတယ်။
အဲဒီအစီအစဉ်အရ အပစ်အခတ်ရပ်စဲရေးကနေ လက်နက်ကိုင်တပ်ဖွဲ့တွေ ဖယ်ရှားရေး၊ နည်းပညာကျွမ်းကျင်တဲ့သူတွေနဲ့ စုဖွဲ့ထားတဲ့ အစိုးရနဲ့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ပါဝင်ပါတယ်။
အမေရိကန်အထူးသံတမန် စတိဗ်ဝစ်ကော့ဖ်က “ဒီနေ့မှာ သမ္မတထရမ့်ပ်ရဲ့ ကိုယ်စား ဂါဇာပဋိပက္ခတွေ အဆုံးသတ်ဖို့ သမ္မတရဲ့ ငြိမ်းချမ်းရေး အစီအစဉ် အချက် ၂၀ ကို ကျနော်တို့ ကြေညာထားပါတယ်။ အဲဒီထဲမှာ လက်နက်ကိုင်အဖွဲ့တွေ ဖယ်ရှားဖို့၊ နည်းပညာကျွမ်းကျင်သူတွေနဲ့ အစိုးရဖွဲ့ဖို့၊ ပြန်လည်တည်ဆောက်ရေးလုပ်ဖို့တွေ ပါဝင်ပါတယ်” လို့ ဆိုရှယ်မီဒီယာ X မှာ ရေးသားထားပါတယ်။
အဲဒီကြေညာချက်မှာ ဟားမတ်စ်တွေရဲ့ ဖမ်းဆီးခံရပြီး သေဆုံးခဲ့တဲ့ ဓားစာခံတွေရဲ့ ရုပ်အလောင်းတွေကို ချက်ချင်းပြန်ပေးရေးလည်း ပါဝင်ပါတယ်။
ဟားမတ်စ်က ပြန်ပေးဖို့ ပျက်ကွက်တယ် ဆိုရင်တော့ ပြင်းထန်တဲ့ အကျိုးဆက်တွေ ခံစားရမယ်လို့ ဝတ်ကော့ဖ်က သတိပေးထားပါတယ်။
ဂါဇာကိုအုပ်ချုပ်ဖို့ နည်းပညာရှင်တွေ ပါဝင်တဲ့ ကော်မတီတခု ဖွဲ့စည်းပြီးပြီဖြစ်ကြောင်း ကာတာ၊ အီဂျစ်နဲ့ တူရကီနိုင်ငံတို့က ဗုဒ္ဓဟူးနေ့က ကြေညာထားပါတယ်။
ဂါဇာမှာ တည်ငြိမ်ဖို့နဲ့ လူသားချင်းစာနာမှုတွေ တိုးတက်စေဖို့ ရည်ရွယ်ပြီး တည်ထောင်တဲ့ ကော်မတီကို ဝါရင့်အင်ဂျင်နီယာဟောင်းဖြစ်သူ ပါလက်စတိုင်း စီမံကိန်း ဒုဝန်ကြီးဟောင်း အယ်အက်ဒယ်ဟာမစ်ရှာက ဦးဆောင်မှာ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးအစီအစဉ် ဒုတိယအဆင့်အတွက် ဟားမတ်စ်ကိုယ်စားလှယ်အဖွဲ့ဟာ အင်္ဂါနေ့မှာ ကိုင်ရိုကို ရောက်ရှိခဲ့ပြီး ဆွေးနွေးမှုတွေ ပြုလုပ်မှာဖြစ်ပါတယ်။
ဒုတိယအဆင့် အသွင်ကူးပြောင်းရေး အရှိန်မြှင့်တင်ဖို့အရေး လွတ်လပ်တဲ့ အုပ်ချုပ်ရေးကော်မတီက ဂါဇာကို အုပ်ချုပ်မဲ့အရေး အပါအဝင် အစ္စရေးတပ်တွေ ဂါဇာကနေ အပြီးဆုတ်ခွာရေးတွေပါ အီဂျစ်နဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ဆွေးနွေးမှာဖြစ်တယ်လို့ ဂါဇာက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြပါတယ်။
ဂါဇာအပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတွေဟာ အစ္စရေးနဲ့ ဟားမတ်စ်တို့ရဲ့ အပြန်အလှန် စွပ်စွဲမှုတွေကြောင့် စိန်ခေါ်မှုတွေနဲ့ ဆက်ပြီး ရင်ဆိုင်နေရပါတယ်။
Source: Reuters


