
ဘားအံနဲ့ မြဝတီမြို့ အပါအဝင် နှစ်ဖက် စစ်ရေးတင်းမာနေတဲ့ လှိုင်းဘွဲ၊ ကော့ကရိတ်မြို့နယ် အစပ်က ကျေးရွာ လမ်းဆုံလမ်းခွတွေအထိ ထိုင်းကုန်စည်နဲ့ လိုင်စင်မဲ့ယာဉ်တွေကို စစ်တပ်က လိုက်လံဖမ်းဆီးနေတယ်လို့ ယာဉ်မောင်းတွေနဲ့ မြို့ခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၂၀ ရက်ကစပြီး ကရင်ပြည်နယ်၊ ဘားအံမြို့နဲ့ မြဝတီမြို့မှာ ထိုင်းကုန်စည်တွေ သိုလှောင်ထားတဲ့ ဂိုဒေါင်တွေ၊ နေအိမ်တွေအထိ စစ်တပ်၊ ရဲ၊ နယ်ခြားစောင့်တပ် (BGF)၊ အကောက်ခွန် (Customs) ပူးပေါင်းအဖွဲ့တွေက လိုက်လံဖမ်းဆီးခဲ့ပါတယ်။
လက်ရှိမှာလည်း စစ်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းစစ်ကြောင်းတွေ နှစ်ဖက် စစ်ရေးတင်းမာနေတဲ့ ဘားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်မြို့နယ်အစပ်က ကျေးရွာ လမ်းဆုံလမ်းခွတွေအထိ လိုက်လံဖမ်းဆီးနေတာပါ။
ဒါ့အပြင် ဇန်နဝါရီ ၂၅ ရက်က လှိုင်းဘွဲမြို့နယ်၊ ကဇိုင်းကျေးရွာနဲ့ ဘားအံမြို့နယ် ကံခရဲ ကျေးရွာချင်း ဆက်သွယ်သွားလာနေတဲ့ ကူးတို့ဖောင်တွေကိုပါ စစ်တပ်က ပိတ်သိမ်းခဲ့ပါတယ်။
ယာဉ်မောင်းတယောက်က “ထိုင်း ယိုးဒယားပစ္စည်းတွေကို ဂိုဒေါင်ကော အိမ်ကော လိုက်ပြီးတော့ ဖမ်းနေကြတာ။ မြဝတီကော ဘားအံကော။ အခုက စက်လှေဆိပ်တွေ ပိတ်ထားတယ်။ မနေ့က တနေ့က ဖောင်တွေ ပိတ်ထားတယ်။ ဖောင်တွေ အကုန်လုံးသိမ်းလိုက်ကုန်ပြီ။ ဘာကြောင့် ပိတ်တာလဲဆိုတော့ ယိုးဒယားပစ္စည်းတွေ ဝင်လာလို့ သူတို့ လိုက်ဖမ်းတာ။ မဝင်ရအောင် လိုက်ပိတ်ထားတာပေါ့။ စစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ ပြန်ညှိနှိုင်းမှာပေါ့” လို့ ပြောပါတယ်။
ဒါ့အပြင် ဇန်နဝါရီ ၂၀ ရက်ကစပြီး ဘားအံ-လှိုင်းဘွဲ လမ်းခွအနီးနဲ့ မြို့အဝင်စစ်ဆေးရေးဂိတ်မှာ တရားမဝင် လိုင်စင်မဲ့ယာဉ်တွေနဲ့ ဆိုင်ကယ်တွေကို စစ်ဆေး ဖမ်းဆီးနေတဲ့အပြင် လုံခြုံရေး တင်းကျပ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြို့ခံတယောက်က “လုံခြုံရေးအခြေအနေက လှိုင်းဘွဲသွားတဲ့ဘက် အဲဒီဘက်တွေမှာ ဆိုရင်တော့ ပိုပြီးတော့ တင်းကျပ်တယ်။ မြို့တွေမှာဆိုရင် ဂိတ်တွေ ဂိတ်တွေ ရှိတယ်။ ပြည်သူတွေကို ပိုပြီးတော့ စစ်ဆေးတယ်။ ဆိုင်ကယ်တွေ ကားတွေဆိုရင် မိုးမလင်းသေးဘူး သူတို့ဖမ်းတော့ ဈေးဝယ်လာမဲ့ သူတွေ ဈေးရောင်းလာမဲ့သူတွေ လာမရဲကြဘူး။ ပြည်သူတွေက ကြောက်လန့်နေရတာပေါ့။ မြို့ထဲသွားဖို့အရေး သွားရလာရတာ ခက်ခဲတာပေါ့။ လူနာတွေလည်း ရောဂါဖြစ်တောင် တော်ရုံတန်ရုံ လူနာဆိုရင် လာပြမရဲကြဘူး။ ဆေးရုံ ဆေးခန်း လာဖို့တောင် အခက်အခဲ ကြုံတွေ့နေရတယ်” လို့ ပြောပါတယ်။
စစ်တပ်က စစ်ရေးတင်းမာနေတဲ့ ဒေသတွေအထိ ထိုင်းကုန်စည်နဲ့ လိုင်စင်မဲ့ယာဉ်တွေကို လိုက်လံဖမ်းဆီးနေတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားလာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
ဒါကြောင့် စစ်တပ်က ဒီထက်ပိုပြီး ကျူးကျော်လာရင် တိုက်ပွဲဖြစ်နိုင်ချေ များမယ်လို့ အမှတ် ၃၁ ဗျူဟာ၊ စစ်ကြောင်းတာဝန်ရှိသူ တပ်ရင်းမှူး ဗိုလ်ကျော်ဟိန်းက ပြောပါတယ်။
“လက်ရှိအနေအထားမှာ အဓိက မြို့ရွာကို ကာကွယ်ချင်တဲ့သဘော။ အဖွဲ့အစည်းတွေအနေနဲ့ မြို့ထဲမဝင်နိုင်အောင် ကာကွယ်ထားတဲ့သဘောလည်း ပါတယ်။ နောက်ပြီးတော့ ထိုင်းကုန်စည်တွေ ဖမ်းဆီးတယ်။ ပိတ်ပင်တယ် ဆိုတာကလည်း တကယ်တမ်းပြန်ကြည့်ရင် အတွင်းထဲမှာရှိတဲ့ ပြည်သူလူထုတွေ ဒုက္ခရောက်အောင် တမင်တကာ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်တာလို့လည်း ကျနော်တို့ ရှုမြင် သုံးသပ်တယ်။ သူတို့ဘက်က ဒီထက် ထပ်ပြီးတော့ ကျူးလွန်လာမယ်၊ လုပ်လာခဲ့မယ်ဆိုရင် (တိုက်ပွဲ) ဖြစ်နိုင်ခြေများမယ်လို့တော့ ကျနော်တို့ဘက်က သုံးသပ်တယ်။ ဘာဖြစ်လို့လဲဆို နှစ်ဦးနှစ်ဖက်က အားလုံးပြင်ဆင်ထားတဲ့ အနေအထား ရောက်ရှိနေပြီ ဖြစ်တဲ့အတွက်ကြောင့်မို့လို့လေ။”
ဇန်နဝါရီ ၃ ရက်က လှိုင်းဘွဲမြို့နယ်နဲ့ ကော့ကရိတ်မြို့အတွင်း ရွေကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ဖို့နဲ့ နယ်မြေစိုးမိုးနိုင်ဖို့ စစ်တပ်က လူအင်အားအများအပြားနဲ့ စစ်ကြောင်းထိုးခဲ့ပါတယ်။
ဒါကြောင့် KNLA လက်အောက်ခံ တပ်ရင်းတွေ၊ အမှတ် ၃၁ ဗျူဟာ (ဗိုလ်ကျော်သက်) လက်အောက်ခံ ပူးပေါင်းစစ်ကြောင်းတွေက ပိတ်ဆို့တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။
လက်ရှိမှာလည်း စစ်ကြောင်းတွေ ပြန်လည်မထွက်ခွာသေးတဲ့အတွက် နေ့တိုင်းလိုလို တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
အောင်ခန့်


