
အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်ပထွက်ခွင့်နဲ့ပတ်သက်လို့ ထုတ်လိုက်တဲ့ ညွန်ကြားစာတစောင်က ခွင့်ရက်ရလို့ မိသားစုဆီ ခဏတာပြန်လာခဲ့ကြတဲ့ ခွင့်ပြန်အလုပ်သမားတွေကို လှုပ်လှုပ်ရွရွ ဖြစ်သွားခဲ့ပါတယ်။
ပြည်ပက ရောက်ရှိလာကြတဲ့ သူတွေကို ခွင့်ပြုချက်ရမှ ပြန်ထွက်ရမယ်ဆိုပြီး စစ်ကောင်စီက အမှတ်မထင် ထုတ်ပြန်လိုက်တာကြောင့် ဖြစ်ပါတယ်။
စစ်ကောင်စီက ခွင့်ရက်ပြည့်လို့ သက်ဆိုင်ရာနိုင်ငံဆီ ပြန်ထွက်မဲ့သူတွေကို ထွက်ခွာခွင့် တင်ပြရမယ်ဆိုတာ ပြီးခဲ့တဲ့နှစ်မတ်လကတည်း ညွှန်ကြားခဲ့တာ ရှိပါတယ်။
ဒီလိုတင်ပြခိုင်းတာက အာဏာရှင်တွေရဲ့ အမူအကျင့်ဖြစ်တဲ့ နိုင်ငံသားတွေ လွတ်လပ်စွာနဲ့ သွား လာခွင့်အပေါ် ချုပ်ကိုင်တာလို့ ဆိုနိုင်ပေမဲ့ ထွက်ခွင့်တင်ထားရုံနဲ့ လေဆိပ်ကနေထွက်လို့ရတဲ့ အခိုက်အတန့်တော့ ရရှိခဲ့ပါတယ်။
အဲဒီလိုရတဲ့အချိန်ကာလ ၁ နှစ်မပြည့်ခင် ဇန်ဝါရီ ၁၁ ရက် ထုတ်လိုက်တဲ့ညွှန်ကြားချက်မှာ ထွက်ခွာခွင့်ရမှ ပေးထွက်တော့မယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ အဆုံးသတ်သွားခဲ့ရပါတယ်။
တကယ်တော့ စစ်ကောင်စီရဲ့ ဒီလုပ်ရပ်က ပြည်ပကိုပြန်ထွက်မဲ့ အလုပ်သမားတွေကို ကြိုးနီစနစ်နဲ့ နောက်တဆင့် တင်းကျပ်လိုက်ရတဲ့ သဘောဖြစ်ပါတယ်။
အဲဒီညွှန်ကြားချက်ကို စစ်ကောင်စီလက် အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ထုတ်တာဖြစ်ပြီး စာထွက်ပြီးတာနဲ့ အချိန်မဆိုင်းပဲ နောက်တရက်မှာ အကောင်အထည်စဖော်ပါတယ်။
စနစ်တခုကို ရုတ်တရက် ပြောင်းလဲလိုက်တာဖြစ်လို့ အလုပ်သမားတွေအတွက် ပြင်ဆင်ချိန်မရခဲ့ဘဲ သက်ဆိုင်တဲ့နိုင်ငံဆီ သွားရောက်အလုပ်ပြန်ဝင်ဖို့ ရန်ကုန်လေဆိပ်ကို ရောက်လာခဲ့ချိန်မှာ ထွက်ခွင့်မရတော့တဲ့ အခြေအနေနဲ့ စတင်ရင်ဆိုင်ကြရပါတယ်။
အဲဒီဖြစ်ရပ်ကြောင့် ခွင့်ပြန်အလုပ်သမားတွေအနေနဲ့ လေယာဉ်လက်မှတ်ခ ဆုံးရှုံးကြရတဲ့အပြင် ရရှိထားတဲ့ ခွင့်ရက်ပြည့်လို့မှ လုပ်ငန်းခွင်ပြန်မဝင်နိုင်ရင် ဖြေရှင်းရမဲ့ နောက်ဆက်တွဲ ပြဿနာကိုယ်စီ ရှိနေကြတာဖြစ်ပါတယ်။
စစ်ကောင်စီက သူတို့ရဲ့လုပ်ရပ်ကြောင့် ဖြစ်ရတဲ့ အလုပ်သမားတွေရဲ့ နစ်နာမှုတွေအပေါ် တာဝန်ယူမှု တစုံတရာမရှိခဲ့ဘဲ ထွက်ခွာခွင့်မတင်ဘဲ လေဆိပ်ကနေ ထွက်နေကြတဲ့ ခွင့်ပြန်အလုပ်သမားတွေ ရှိနေလို့ဆိုတဲ့ အကြောင်းပြချက်ပေးကာ မျက်နှာပြောင်တိုက် ခေါင်းရှောင်သွားပါတယ်။
ပြည်ကနေပြန်လာကြတဲ့ ခွင့်ပြန်အလုပ်သမားတွေမှာ အလုပ်အကိုင်အမျိုးအစား PJ ပတ်စ်ပို့ ကိုင်ဆောင်ထားကြတာဖြစ်ပြီး အဲဒီပတ်စ်ပို့ကိုင်ထားသူတွေက ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ရှိရမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ သတ်မှတ်ညွှန်ကြားချက်က ရှိပြီးဖြစ်ပါတယ်။
ဒါ့အပြင် PJ ပတ်စ်ပို့ကိုင်ထားတဲ့ အလုပ်သမားတွေက OWIC ကတ်အတွက် အချက် အလက်အစုံအလင်ကို ထည့်သွင်းတင်ပြရရုံတင်မကပဲ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းပြီးကာမှ အဲဒီကတ်ကို ရတာဖြစ်ပါတယ်။
အဲဒီလို ပြင်ဆင်ထားခဲ့ကြတဲ့ ခွင့်ပြန်အလုပ်သမားတွေက မိနစ်ပိုင်းလောက်အချိန်ယူပြီး လက်ကိုင်ဖုန်းကနေ ထွက်ခွာခွင့်အတွက် အီးမေးလ် ပို့မထားဘူး ဆိုတဲ့ စစ်ကောင်စီရဲ့ အကြောင်းပြချက်က ခိုင်လုံမှုမရှိဘူးဆိုတာ သိသာပေါ်လွင်ပါတယ်။
ဒါတင်မကပဲ ရန်ကုန်လေဆိပ်လို ပြည်ပထွက်မဲ့သူတွေကို စစ်ဆေးတာ တင်းကျပ်လွန်းတာနဲ့ ပတ်သက်လို့ နာမည်ကြီးတဲ့ နေရာကနေ ထွက်ခွင့်မတင်ပဲ ထွက်နေတယ်ဆိုတာက ပိုလို့တောင် ယုတ္တိရှိမနေတာ ဖြစ်ပါတယ်။
အဲဒီလို ခွင့်ပြန်အလုပ်သမားတွေရဲ့ ပြန်ထွက်ခွင့်ကို ထပ်တင်းကျပ်ရတာနဲ့ပတ်သက်လို့ အကြောင်းအရင်းအမှန်ကို စစ်ကောင်စီဘက်က ပွင့်ပွင့်လင်းလင်း ဝန်မခံပေမဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားအများစုကတော့ ဒီလုပ်ရပ်ရဲ့ နောက်ကွယ်ကရည်ရွယ်ချက်ကို မှန်းဆလက်ခံထားတာ ရှိနေပါတယ်။
ဂျပန်ကနေခွင့်နဲ့ပြန်ရောက်နေတဲ့ အလုပ်သမားတယောက်က “အာဃာတအငြိုးအတေးနဲ့လုပ်တာ။ ပြောရရင် သူတို့ ရွေးကောက်ပွဲမှာ ပြည်ပကသူတွေ မဲမပေးကြတာကို အခဲမကျေနေတာ” လို့ သူ့ရဲ့ထင်မြင်ချက်ကို ပြောပါတယ်။
အဲဒီ ခွင့်ပြန်အလုပ်သမားရဲ့ ထင်မြင်ချက်က မှန်ကန်တယ်လို့ တထစ်ချပြောလို့မရပေမဲ့လည်း တခြားပြည်ပရောက် မြန်မာနိုင်ငံသားအချို့ကပါ အဲဒီအချက်ကို ထောက်ခံထားကြပါတယ်။
အာဏာသိမ်းစစ်ကောင်စီအတွက် ရွေးကောက်ပွဲကြိုတင်မဲဖြစ်ရပ်က ပြည်ပရောက် မြန်မာပြည်သူတွေအပေါ် ခံပြင်း၊ ဒေါသထွက်စရာ ဖြစ်နေမှာသေချာပြီး အချိန်မရွေး လက်တုံ့ပြန်မဲ့ အနေအထားမှာ ရှိတယ်လို့ တောင်ကိုရီးယားမှာ ရောက်ရှိနေတဲ့ မြန်မာလုပ်သား တယောက်ကလည်း ပြောပါတယ်။
“လေကြီးလေကျယ်ပြောထားပြီး တကယ့်တကယ်လည်းဆိုရော သူတို့ရွေးကောက်ပွဲက မသာအိမ်က ဖဲဝိုင်းလောက်တောင် လူမရှိတော့ အရှက်ကွဲရောပေါ့။ အဲဒါ ဘယ်ကျေနပ်မလဲ” လို့ ပြောပါတယ်။
စစ်ကောင်စီက သူတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲအတွက် ပြည်ပရောက်နေသူတွေဆီက ကြိုတင်မဲကို ဒီဇင်ဘာလဆန်းမှာ လက်ခံခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေက စစ်တပ်ကလုပ်တဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုတဲ့အတွက် ကြိုတင်မဲပေးသူမရှိသလောက် အနေအထားနဲ့ စစ်ကောင်စီသံရုံးရဲ့ မဲရုံတွေမှာ ရှင်းလင်းခြောက်ကပ်တဲ့အခြေအနေ ကြုံခဲ့ရပါတယ်။
အဲဒီလို ပြည်ပရောက်နိုင်ငံသားတွေရဲ့ မဲမပေးပဲဆန့်ကျင်ခဲ့တဲ့ လုပ်ရပ်က ပြည်သူလက်မခံတဲ့ ရွေးကောက်ပွဲမှန်း ကမ္ဘာကသိအောင် ချပြနိုင်ခဲ့တာဖြစ်ပြီး နိုင်ငံတကာအတွက်လည်း ပြည်တွင်းက ရွေးကောက်ပွဲအခြေအနေကို သွားရောက်စောင့်ကြည့် လေ့လာစရာမလိုအောင် လုံလောက်သွားခဲ့ပါတယ်။ ဒါ့အပြင် ပြည်ပမှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ၅ သန်းကျော်ရှိပေမဲ့ ကြိုတင်မဲ ၅,၀၀၀ လောက်ပဲ ရခဲ့တာက စစ်ကောင်စီအတွက် အရှက်ရစရာ မဲအရေအတွက်လို့ ဆိုရမှာ ဖြစ်ပါတယ်။
နိုင်ငံတကာရဲ့အသိအမှတ် ပြုခံရဖို့အတွက် အသည်းအသန်ကြိုးပမ်းနေတဲ့ စစ်ကောင်စီအတွက် အထိနာစေတဲ့ ထိုးနှက်ချက်ဖြစ်ခဲ့ရပြီး ပြည်ပရောက် မြန်မာနိုင်ငံသားတွေအပေါ် သူတို့ရဲ့ အမုန်းတရားတိုးလာစေမဲ့ အကြောင်းအရာဖြစ်လာခဲ့ပါတယ်။
စစ်ကောင်စီအနေနဲ့က ပြည်ပရောက်နိူင်ငံသားတွေရဲ့ သူတို့ကိုအစဉ်တစိုက် အာခံ၊ ပုန်ကန်နေပြီး ဆန့်ကျင်ဘက် NUG အစိုးရနဲ့ တော်လှန်ရေးအင်အားစုတွေကို အားပေး၊ ထောက်ပံ့နေတဲ့ ဖြစ်ရပ်တွေအပေါ် အာဃာတအမုန်းစိတ်ခံရှိနေခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ခံပြင်းမှု စိတ်အခြေအနေတွေ စုပေါင်းကာ ပြည်ပကြိုတင်မဲ လက်ခံမှုဖြစ်ရပ်အလွန် ၁ လနီးပါအရောက်မှာ ခွင့်ပြန်အလုပ်သမားတွေက စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက် ရောက်လာခဲ့ပြီး အငြိုးအတေးနဲ့ လက်တုံ့ပြန်ခံရမဲ့ အခြေအနေရင်ဆိုင်လာရတာ ဖြစ်ပါတယ်။
စစ်ကောင်စီက ခွင့်နဲ့ပြန်ဝင်လာသူတွေကို အသာတကြည် လက်ပိုက်ကြည့်နေခဲ့ပြီး ပြန်ထွက်ဖို့ လုပ်လာချိန်မှာတော့ အခက်တွေ့စရာ အခြေအနေတွေ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။
နည်းပညာခေတ်ကြီမှာ ပြည်ပထွက်ခွာခွင့်အတွက် အီးမေးလ်က လျှောက်ထားတင်ပြတာ လက်မခံတော့ဘဲ ငွေကုန်၊ အချိန်ကုန်၊ လူပင်ပန်းစေမဲ့ နေပြည်တော်အထိ ကိုယ်တိုင် မဟုတ်ရင် စာတိုက်က ပေးပို့လျှောက်ခိုင်းစေတဲ့ ညှဉ်းပန်းတဲ့သဘော လုပ်ရပ်တွေ ရှိလာပါတယ်။
ဒါ့အပြင် ထွက်ခွာခွင့်တင်ချိန်မှာ အလုပ်ကခွင့်စာ တင်ပြထားတဲ့ကြားပေမဲ့ အလုပ်ရှင်ရဲ့ ဖုန်းနံပါတ်နဲ့ အီးမေးလ်လိပ်စာ ထပ်တောင်းတာမျိုးလို အချိန်မကြာကြာအောင် လုပ်တဲ့လုပ်ရပ်က ခွင့်ပြန်အလုပ်သမားတွေကို စိတ်သောက ဖြစ်စေခဲ့ပြန်ပါတယ်။
ဒီလို ခွင့်ပြန်အလုပ်သမားတွေကို စီစစ်တာတွေ တိုးမြှင့်ပြီး တင်းကျပ်တာတွေ ထပ်လုပ်ဖို့ကို စစ်ကောင်စီခန့် အလုပ်သမားဝန်ကြီး ဦးအောင်ကျော်ဟိုးက စီစဉ်ညွှန်ကြားတာဖြစ်ပြီး ကြိုတင်မဲပေးဖို့ ပျက်ကွက်ခဲ့တဲ့ ဖြစ်ရပ်အပေါ် အခြေခံတာလို့ဆိုတဲ့ ဌာနအတွင်း သတင်းပေါက်ကြားလာခဲ့ပါတယ်။
တဆက်တည်းမှာ ခွင့်ပြန်အလုပ်သမားတွေတင်မကပဲ ပြည်ပရောက်နေသူတွေနဲ့ဆိုင်တဲ့ လုပ်ငန်းကိစ္စရပ်အားလုံးကို ပိုပြီးတင်းကျပ်ဖို့သွားဖို့ ရှိနေတာလို့လည်း ဆိုပါတယ်။
အဲဒီလို ညွှန်ကြားမှုတွေ လုပ်လာတဲ့ ဦးအောင်ကျော်ဟိုးက ဗိုလ်မှူးချုပ်ဟောင်းတယောက် ဖြစ်သလို စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနမှာ ပြည်ထောင်စုဝန်ကြီး တာဝန်ရယူထားတာ ၆ လလောက်ပဲ ရှိသေးတာ ဖြစ်ပါတယ်။
သူ့က စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအပိုင်း ၃ မှာ ကြံ့ခိုင်ရေးပါတီကနေ ပြည်သူ့လွှတ်တော်နေရာအတွက် စက်ရုံ၊ အလုပ်ရုံ အများဆုံးဖွင့်လှစ်ထားတဲ့ လှိုင်သာယာမြို့နယ်က ဝင်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။
စစ်ခေါင်းဆောင်က ပြည်ပကြိုတင်မဲပေးတဲ့သူ နည်းရတာနဲ့ပတ်သက်လို့ ခေါ် မေးခံရခဲ့ပြီးနောက်မှာ ပြည်ပရောက်လုပ်သားတွေကို အမြင်မကြည်ဖြစ်ပြီး ဌာနအတွင်း အစည်းအဝေးလုပ်ကာ ဘယ်လို တင်းကျပ်တာတွေ ထပ်လုပ်မလဲဆိုတဲ့ အစီအမံတွေ ရေးဆွဲခဲ့တယ်လို့လည်း သတင်းထွက်ပေါ်ခဲ့ပါတယ်။
အဲဒီနောက်မှာ ခွင့်ပြုချက်ကျမှ ထွက်ရမယ်ဆိုတဲ့ ညွှန်ကြားချက်ထုတ်တာ၊ အသက် ၁၈ ကနေ ၃၅ နှစ်အတွင်း ယောကျ်ားလေးတွေကို ပတ်စ်ပို့အမျိုးအစား PJ ကနေ PV ပြောင်းခွင့်ရပ်တာမျိုးလို ကိစ္စရပ်တွေက တဆက်တည်း တွေ့လာရပါတယ်။
အခုလို ခွင့်ပြန်တွေကို ပြန်ထွက်ခွင့်တင်းကျပ်တာက စစ်ကောင်စီရဲ့ ရည်ရွယ်ချက်ရှိရှိ နှိပ်ကွပ်တဲ့ လုပ်ရပ်ဖြစ်သလို သူတို့ကို ဆန့်ကျင်နေတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို တဖက်လှည့်နဲ့ သတိပေးလိုက်တာလို့ ဂျပန်နိုင်ငံရောက် မြန်မာ့အရေး လှုပ်ရှားသူတယောက်က ပြောပါတယ်။
“စစ်အုပ်စုရဲ့ စောင့်ကြည့်ခံရတယ်လို့ သံသယရှိရင် မပြန်တာအကောင်းဆုံးပဲ။ တော်ရုံဆိုလည်း အရေးတကြီးမဟုတ်ရင် မပြန်သင့်ဘူး။ အခုက ပြည်တွင်းဝင်သွားပြီးရင် ပြန်ထွက်ခွင့်ရဖို့အတွက်က ဘာအာမခံချက်မှ ရှိမနေဘူး။”
တကယ့်လက်တွေ့မှာလည်း ခွင့်ပြန်အလုပ်သမားတွေအတွက် ပြည်ပပြန်ထွက်ခွင့်က စစ်ကောင်စီရဲ့ သဘောဆန္ဒအပေါ်မှာ မူတည်နေတာဖြစ်ပြီး ပိုဆိုးတဲ့အခြေအနေတွေကိုလည်း အချိန်မရွေး ထပ်ကြုံရနိုင်တယ်လို့ ပြည်ပရောက်မြန်မာအသိုက်အဝန်းက တွက်ဆထားကြပါတယ်။
ပြည်သူတွေ တခဲနက်ပေးခဲ့တဲ့ မဲရလဒ်ကို အသိအမှတ်မပြုခဲ့ဘဲ မဲမသမာမှုဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က သူတို့ရဲ့ ဟန်ပြ အတုအယောင်ရွေးကောက်ပွဲမှာ မဲမပေးတဲ့သူတွေကို ဒီမိုကရေစီလမ်းပေါ် မလျှောက်ချင်သူတွေဆိုပြီး ပြောဆိုထားပါတယ်။
တနည်းအားဖြင့် မဲမပေးတဲ့သူတွေက သူတို့စစ်အုပ်စုနဲနဲ့ မပူးပေါင်းချင်တဲ့ ဆန့်ကျင်သူတွေလို့ ရည်ညွှန်းတာဖြစ်သလို ရန်သူအဖြစ်သတ်မှတ်တဲ့ သဘောအဓိပ္ပာယ်သက်ရောက်ပါတယ်။
ဒါ့ကြောင့်လည်း အာဏာသိမ်းစစ်အုပ်စုက သူတို့ကို တနုံ့နုံ့ခံစားရအောင်လုပ်ခဲ့တဲ့ ပြည်ပရောက် ပြည်သူတွေရဲ့ လုပ်ရပ်အပေါ် သင်ပုန်းချေ ကျေအေးပေးနိုင်မှာ မဟုတ်တာ သေချာပါတယ်။
ဒါ့ကြောင့်လည်း ရန်သူကို ရန်သူလို ဆက်ဆံတတ်ပြီး ကမ်းကုန်အောင် ယုတ်မာရက်စက်တဲ့ အကျင့်စရိုက် ပိုင်ဆိုင်ထားတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ မြားဦးက ပြည်ပရောက်နိုင်ငံသားတွေဆီ လှည့်လာခဲ့တာ ဖြစ်ပါတယ်။
ဒါက စစ်အုပ်စုအတွက် အထိနာ ကျရှုံးခဲ့ရတယ်ဆိုတဲ့ သူတို့အခြေအနေကို တဖက်လှည့်နဲ့ ဝန်ခံရာရောက်သလို ကျားနာခဲခဲမဲ့ အန္တရာယ်က ရှိနေမှာဖြစ်လို့ ပြည်ပရောက် ပြည်သူ၊ ပြည်သားတွေ သတိတရားရှိဖို့ လိုမှာတော့ အမှန်ပါ။
မင်းမခ


