Home
မြန်မာသတင်း
တရားမဝင်ရွေးကောက်ပွဲက တရားမဝင်ရလဒ်ထွက်မည်ဟု ကုလပြော
DVB
·
January 26, 2026

အာဏာသိမ်းစစ်တပ်ရဲ့ တရားမဝင်တဲ့ ရွေးကောက်ပွဲက တရားမဝင်တဲ့ ရလဒ်တွေသာ ထွက်လာလိမ့်မယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က ပြောပါတယ်။

ယုံကြည်စိတ်ချရမှုမရှိတဲ့ စစ်အုပ်စုရဲ့ လွှတ်တော်ရွေးကောက်ပွဲအတွက် မဲပေးမှုက  အခုသီတင်းပတ်ကုန် ပြီးဆုံးသွားပြီး နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ရွေးကောက်ပွဲရလဒ်တွေနဲ့ နောက်ပိုင်း ပေါ်ပေါက်လာမဲ့ ဘယ်လို အာဏာခွဲဝေမှု အစီအစဉ်ကိုမဆို တရားမဝင်ကြောင်း ပြတ်ပြတ်သားသား ငြင်းပယ်ရမယ်လို့လည်း တွမ်အန်ဒရူးစ်က ပြောပါတယ်။

“မြန်မာစစ်ကောင်စီရဲ့ လိမ်လည်လှည့်ဖြားတဲ့ ရွေးကောက်ပွဲ အစီအစဉ်အတွက် တနင်္ဂနွေနေ့ နောက်ဆုံးထား မဲပေးမှုဟာ ရွေးကောက်ပွဲအပေါ် ဝေဖန်ရင် ဒါမှမဟုတ် မပါဝင်ခဲ့ရင် ခြိမ်းခြောက်တာ၊ ဖမ်းဆီးတာနဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်တာတွေကို ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေအတွက် စိတ်သက်သာရာရမှု ဖြစ်စေမှာပါ။ မြန်မာနိုင်ငံအတွင်းက ရွေးကောက်ပွဲရလဒ်တွေဟာ ဘယ်တုန်းကမှ သံသယဖြစ်စရာ မရှိခဲ့ပေမဲ့ အရေးအကြီးဆုံး ရွေးကောက်ပွဲရလဒ်ကတော့ နိုင်ငံတကာအသိုက်အဝန်းရဲ့ တုံ့ပြန်မှုပဲ ဖြစ်ပါတယ်။” 

ဒါ့အပြင် စစ်ကောင်စီဟာ သူတို့ရဲ့ နိုင်ငံရေးကိုယ်စားလှယ်အဖွဲ့  (ကြံ့ခိုင်ရေးပါတီ) အပြတ်အသတ် အနိုင်ရဖို့အတွက် ဒီရွေးကောက်ပွဲကို အထူးစီစဉ်ထားတာဖြစ်ပြီး သူတို့ဟာ ဘယ်လိုမှ အမှားမခံဘဲ ယုံကြည်စိတ်ချရတဲ့ အတိုက်အခံပါတီတွေကို ပိတ်ပင်တာ၊ လူထုကြည်ညိုတဲ့ နိုင်ငံရေးသမားတွေကို ထောင်ချတာ၊ သတင်းစာလွတ်လပ်ခွင့်ကို ပိတ်ပင်တာ၊ အခြေခံလွတ်လပ်ခွင့်တွေကို နှိပ်ကွပ်တာတွေ လုပ်ခဲ့သလို၊ မဲမပေးချင်တဲ့ လူထုကို မဲရုံတွေဆီ ရောက်လာဖို့အတွက် ကြောက်ရွံ့မှုနဲ့ ဖိအားပေးမှုတွေကို အသုံးပြုခဲ့တယ်လို့လည်း တွမ်အန်ဒရူးစ်က  ပြောပါတယ်။

“စစ်ကောင်စီဟာ ကမ္ဘာကြီးရဲ့ ငြီးငွေ့လာမှုကို အခွင့်ကောင်းယူဖို့ ကြိုးစားနေပြီး အရပ်သားအဝတ်အစား ဝတ်ဆင်ထားတဲ့ စစ်အုပ်ချုပ်ရေးကို နိုင်ငံတကာက လက်ခံလာလိမ့်မယ်လို့ မျှော်လင့်နေတာပါ။ ဒါကို အစိုးရတွေအနေနဲ့ ခွင့်မပြုသင့်ပါဘူး။” 

အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်မှုနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ အုပ်ချုပ်ခြင်းက ရေရှည်မခံနိုင်ကြောင်း စစ်ကောင်စီက လက်ခံလာစေဖို့အတွက် စဉ်ဆက်မပြတ်သော နိုင်ငံတကာဖိအားက မရှိမဖြစ် လိုအပ်ချက်ဖြစ်ကြောင်းလည်း ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ်က ပြောပါတယ်။

စစ်တပ်ဩဇာခံ ရွေးကောက်ပွဲကော်မရှင်က အတုအယောင် ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းခွဲပြီး ကျင်းပခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေအပြင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကတော့ အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင်ရွေးကောက်ပွဲဖြစ်သလို အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

တွမ်အန်ဒရူးစ်ရဲ့ အစီရင်ခံစာထဲမှာလည်း ဒီရွေးကောက်ပွဲက မဲပေးသူ အလွန်နည်းပါးခဲ့ကြောင်း ထောက်ပြထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ နဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွေမှာ အပြတ်အသတ် အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဖျက်သိမ်းခံရပြီး ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံထားရသလို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း အာဏာသိမ်းကတည်းက ဖမ်းဆီးခံထားရကာ လက်ရှိ ဘယ်နေရာမှာ ရှိနေတယ်ဆိုတာကို မသိရသေးဘူးလို့ ဆိုပါတယ်။

“ဒီရွေးကောက်ပွဲရလဒ်တွေကို ထောက်ခံတဲ့ နိုင်ငံတွေဟာ လုပ်ကြံဖန်တီးထားတဲ့ မဲရလဒ်ကတဆင့် စစ်အုပ်ချုပ်ရေးကို တရားဝင်ဖြစ်အောင် ကြိုးပမ်းနေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်မှာ ပူးပေါင်းပါဝင်ရာ ရောက်ပါလိမ့်မယ်။ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ စစ်ကောင်စီ၊ သူ့ကို အားပေးကူညီသူတွေနဲ့ အမည်ခံရွေးကောက်ပွဲက ထွက်ပေါ်လာမယ့် ဘယ်လို အစိုးရကိုယ်စားလှယ်ကိုမဆို ဝိုင်းပယ်ဖို့ ကြိုးပမ်းမှုတွေကို ဆက်လက်ထိန်းသိမ်းပြီး ပိုမိုပြင်းထန်အောင် လုပ်ဆောင်ရပါမယ်။”

ဒါ့အပြင် မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေနဲ့ နှိပ်ကွပ်မှုတွေကို အားပေးကူညီနေတဲ့ လက်နက်၊ လေယာဉ်ဆီနဲ့ ရန်ပုံငွေ စီးဆင်းမှု ဖြတ်တောက်ရေးအတွက် နိုင်ငံတွေအနေနဲ့ အာရုံစိုက်လုပ်ဆောင်ကြဖို့လည််း အထူးကိုယ်စားလှယ်က တောင်းဆိုထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013