
အလုပ်သမားအရေး ဆောင်ရွက်နေသူတွေကို ဖိနှိပ်မှုတွေကြောင့် အလုပ်ရှင်တွေဘက်က အလုပ်သမားတွေအပေါ် ချိုးဖောက်မှုတွေ ရဲရဲတင်းတင်း ကျူးလွန်နေကြတယ်လို့ အလုပ်သမားရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေက ပြောပါတယ်။
စစ်ကောင်စီဩဇာခံ အလုပ်သမားဝန်ကြီးဌာနက အလုပ်သမားအရေး ဆောင်ရွက်နေသူတွေနဲ့ အလုပ်သမားသမဂ္ဂတွေကို ဖိနှိပ်မှုတွေကြောင့် စက်ရုံနဲ့ အလုပ်ရှင်တွေဘက်က အလုပ်သမားတွေအပေါ် ချိုးဖောက်မှုတွေ ပိုပြီး ရဲရဲတင်းတင်း ကျူးလွန်နေကြောင်း အလုပ်သမားရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေက ပြောပါတယ်။
အလုပ်သမားအဖွဲ့အစည်းတွေကို တရားစွဲဆိုတာ၊ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေကို အလုပ်ထုတ်တာ စတာတွေကြောင့် အလုပ်သမားတွေဟာ လုပ်ငန်းခွင်အတွင်း အခွင့်အရေး ချိုးဖောက်မှုတွေကို အကူအညီ မတောင်းရဲကြဘူးလို့ သွေးစည်းညီညွတ်သော သမဂ္ဂများ အဖွဲ့ချုပ် - မြန်မာ (STUM) ရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။
“လှုပ်ရှားဆောင်ရွက်နေတဲ့သူတွေပေါ့၊ အဓိက တို့တွေလို အဖွဲ့အစည်းတွေကို ဖမ်းဆီးတာတွေ၊ ထောင်ချတာတွေ၊ ရုံးတွေကို ပိတ်တာတွေပေါ့။ ပြီးတော့ သူတို့နှုတ်ကနေ ဒါတွေက တရားမဝင် အဖွဲ့အစည်းဖြစ်တယ်၊ မဆက်ဆံရဘူး ဆိုတာမျိုး ဒီလိုတွေ တားမြစ်ထားတာရှိတယ်။ တချို့အလုပ်သမားတွေက မလာကြဘူး၊ အကူအညီလည်း မတောင်းကြဘူး။ အကူအညီ မတောင်းကြတော့ ထင်တိုင်းလုပ်ကြတာပေါ့။ သမဂ္ဂဖွဲ့တာ လက်မခံတာတို့၊ သမဂ္ဂဖွဲ့ရင် အလုပ်ထုတ်တာတို့ အဲဒီလို ဘရန်းတွေလည်း အများကြီးရှိတယ်။ ဖြုတ်တာတော့ ဘရန်းက ဖြုတ်တာမဟုတ်ဘူး၊ ဒါပေမဲ့ ဘရန်းအနေနဲ့က အဲဒီလိုပြောတယ်ဆိုရင် အကာအကွယ်ပေးရမှာလေ နော်။ ဘရန်းဘက်ကနေ သိပ်ပြီးတော့ မျှော်လင့်လို့ရတာတော့ မဟုတ်ဘူး။ ချိုးဖောက်မှုတွေကို အကာအကွယ်ပေးထားတဲ့ ပုံစံမျိုး ဖြစ်နေတာ။”
၂၀၂၅ ခုနှစ် ဇွန်လတုန်းက လုပ်ငန်းရှင်တွေရဲ့ တိုင်ကြားမှု ရှိခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ STUM သမဂ္ဂရုံးကို အင်အားသုံးပြီး ရှာဖွေစီးနင်းတာ၊ တာဝန်ရှိသူတွေကို ဝင်ရောက်ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ပါသေးတယ်။
ဒါ့အပြင် COSTEC International Co., Ltd. (လက်ရှိ JOC အမည်နဲ့ လည်ပတ်နေတဲ့) စက်ရုံမှာလည်း သမဂ္ဂခေါင်းဆောင်တယောက်ကို အလုပ်ထုတ်ခဲ့တဲ့ဖြစ်စဉ် ရှိခဲ့ပါသေးတယ်။
အာဏာပိုင်တွေအနေနဲ့ စက်ရုံတွေက အလုပ်သမားတွေအပေါ် ချိုးဖောက်မှုတွေကို အရေးယူမှု အားနည်းတာကြောင့်လည်း အလုပ်ရှင်တွေဘက်က ပိုပြီး ရဲတင်းလာကြတယ်လို့ အလုပ်သမားအရေး လေ့လာသုံးသပ်သူတယောက်က မှတ်ချက်ပြုပါတယ်။
“စစ်အာဏာသိမ်းမှုမှာတော့ ဒါတွေက တကယ်ကို ရင်ဆိုင်နေရတယ်။ လှုပ်ရှားမှုတွေအားလုံးမှာ တက်ကြွလှုပ်ရှားသူတွေ အနေနဲ့ အခက်ခဲဆုံး အပိုင်းတွေ ရင်ဆိုင်နေရတဲ့ အခြေအနေ ရောက်နေတယ်။ ဒါက အမှန်ပါပဲ၊ ကြောက်ရွံ့တာမှ တော်တော်ကို ကြောက်ရွံ့ကြတယ်။ သူတို့တွေ လာစစ်တာတွေ၊ အရေးယူမှု မရှိတာတွေ၊ အရေးယူမှု နည်းတာတွေကြောင့် ကျူးလွန်မှုတွေက ပိုပြီးများလာတယ်။ ပြောမယ်ဆိုရင် လာဘ်ပေးလာဘ်ယူတွေက ဒီကာလမှာ ပိုများလာတယ်။ အရေးယူမှုတွေကလည်း တအားနည်းတယ်။ နည်းတော့ ပိုပြီးရဲတင်းလာတယ်။ ငါတို့ ပိုက်ဆံပေးရင် ရတယ်ဆိုတဲ့ စကားမျိုးကို အလုပ်သမားတွေကို ထုတ်ပြောတဲ့အထိ ရဲတင်းလာတယ်။ ဒီကဏ္ဍမှာ ဒီလိုအရေးယူမှုတွေကို ပေါ့တီးပေါ့ဆ လုပ်နေတဲ့ ကာလပတ်လုံး ကျူးလွန်မှုတွေက ဆက်တိုက်ရှိလာနေလိမ့်မယ်။”
အခုနောက်ဆုံးမှာတော့ STUM အဖွဲ့ တာဝန်ရှိသူကို ခံဝန်နဲ့ ပြန်လွှတ်ပေးထားပြီး တရားဆက်လက် ရင်ဆိုင်နေရကာ အဖွဲ့ဝင်တချို့ကိုတော့ ဆက်လက်ဖမ်းဆီးထားဆဲ ဖြစ်ကြောင်း သိရပါတယ်။
JOC ကနေ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်ကိုတော့ အလုပ်သမားတွေရဲ့ စုပေါင်းတောင်းဆိုမှုနဲ့အတူ ဇန်နဝါရီ ၂၃ ရက်က အလုပ်ပြန်လည်ခန့်အပ်ထားကြောင်း သိရပါတယ်။
ဝေဝေ


