Home
မြန်မာသတင်း
စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ပါကစ္စတန်ရောက်
DVB
·
January 26, 2026
Photo: MOFA-Pakistan

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ပါကစ္စတန်နိုင်ငံကို အလည်အပတ်ခရီးစဉ်အဖြစ် ရောက်ရှိနေပါတယ်။

စစ်အုပ်စု ထိပ်တန်းသံတမန်အနေနဲ့ ပါကစ္စတန်နိုင်ငံကို ရှားရှားပါးပါး ၄ ရက်ကြာ တရားဝင်ခရီးစဉ်အဖြစ် ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက် ညနေပိုင်းမှာ အစ္စလာမ္မာဘတ်မြို့ကို ရောက်ရှိလာခဲ့တာဖြစ်ကြောင်း ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ခရီးစဉ်အတွင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဟာ ပါကစ္စတန် ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး အီရှတ်ဒါးရ်အပြင် တခြား အဆင့်မြင့်အရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်။

ဆွေးနွေးမှုတွေထဲမှာ နှစ်ဦးနှစ်ဖက် အကျိုးတူကိစ္စရပ်တွေ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ နှစ်နိုင်ငံကြား အပြန်အလှန်ဆက်ဆံရေး ပိုမိုခိုင်မာစေမဲ့ နည်းလမ်းတွေကို အဓိကထား ဆွေးနွေးသွားမယ်လို့  စစ်ကောင်စီ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

အခုလအစောပိုင်းတုန်းကလည်း အီရှတ်ဒါးရ်ဟာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးနဲ့ ဖုန်းဆက်သွယ် စကားပြောခဲ့သလို ပြီးခဲ့တဲ့ သောကြာနေ့ကလည်း မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီး တာရစ်ကာရင်ဟာ အစ္စလာမ္မာဘတ် ခရီးစဉ်မတိုင်မီ မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့ကြတာပါ။

မြန်မာနိုင်ငံအနေနဲ့ ပါကစ္စတန်ကို နောက်ဆုံးအကြိမ် အဆင့်မြင့်ခရီးစဉ်အဖြစ် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတုန်းက လာရောက်ခဲ့ဖူးပြီး အဲဒီတုန်းက ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့် သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013