
လှိုင်သာယာမြို့နယ်မှာ ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ပြိုင်ခဲ့တဲ့ စစ်ကောင်စီခန့် အလုပ်သမားဝန်ကြီး ဦးအောင်ကျော်ဟိုးကို အလုပ်သမားအများစုက မဲမပေးခဲ့ကြဘူးလို့ ပြည်တွင်းအလုပ်သမားအရေး လူပ်ရှားသူတွေက ပြောပါတယ်။
အလုပ်သမားတွေရဲ့ မဲကိုမျှော်လင့်ပြီး ဝင်ပြိုင်ခဲ့ပေမဲ့ အလုပ်သမားတွေက ရွေးကောက်ပွဲကို စိတ်မဝင်စားသလို အလုပ်သမားဝန်ကြီး ဦးအောင်ကျော်ဟိုးကိုလည်း မဲပေးဖို့ ဆန္ဒမရှိကြတာလို့ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ခေါင်းဆောင်တယောက်က ပြောပါတယ်။
“ဒီရွေးကောက်ပွဲကနေ ဘာမှဖြစ်လာမှာ မဟုတ်ဘူးဆိုတဲ့အသိနဲ့ အလုပ်သမားတွေက စိတ်မဝင်စားကြဘူး။ အလုပ်သမားတွေက အလုပ်သမားဝန်ကြီးက ဘယ်သူလဲတောင် မသိတောင် မသိတဲ့ အခြေအနေမှာ မဲရဖို့ မျှော်လင့်တာ အပိုပဲ။”
ဒါပေမဲ့ အလုပ်သမားဝန်ကြီး ဝင်ပြိုင်တဲ့အတွက် လှိုင်သာယာမြို့နယ်ထဲက စက်ရုံ၊ အလုပ်ရုံတွေကို ရွေးကောက်ပွဲလုပ်တဲ့ ဇန်နဝါရီ ၂၅ ရက်မှာ အချိန်ပိုခေါ်ခွင့်မပေးဘဲ ပိတ်ခိုင်းထားပြီး အလုပ်သမားတွေကို မဲသွားပေးဖို့ အလုပ်သမားရုံးက စက်ရုံတာဝန်ရှိသူတွေကတဆင့် ပြောခိုင်းပြီး မဲရအောင် ကြိုးပမ်းခဲ့တာတွေရှိတယ်လို့ စက်ရုံဝန်ထမ်းအချို့က ဆိုပါတယ်။
အထည်ချုပ်စက်ရုံ ရုံးပိုင်းဝန်ထမ်းတယောက်က “ဒီမှာက အစကတည်းက အိုတီခေါ်ဖို့ မရှိတာပါ။ အလုပ်သမားတွေကို မဲပေးခိုင်းလည်း သူတို့ပေးချင်မှပေးကြမှာလေ။ လူကြီးတွေက ပြောခိုင်းပေမဲ့ ဒီအတိုင်းပဲ နေလိုက်တယ်” လို့ ပြောပါတယ်။
ဒါ့အပြင် လှိုင်သာယာမြို့နယ်အတွင်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေကလည်း အဆောင်မှာ နေတဲ့သူတွေ မဲထည့်ဖို့အတွက် အဆောင်ဖွင့်ထားသူတွေကတဆင့် ဖိအားပေး ပြောဆိုခိုင်းတာတွေ ရှိခဲ့တယ်လို့လည်း အဲဒီမြို့နယ်အတွင်း နေထိုင်သူတွေဆီက သိရပါတယ်။
ဦးအောင်ကျော်ဟိုးမှာ ဗိုလ်မှူးချုပ်ဟောင်းတယောက်ဖြစ်ပြီး အလုပ်သမားဝန်ကြီး တာဝန်ယူထားတာ ၆ လလောက်ပဲ ရှိသေးတာပါ။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းကာလအတွင်း အလုပ်သမားဝန်ကြီး ၅ ယောက်အထိ အပြောင်းအလဲ လုပ်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီ အလုပ်သမားဝန်ကြီးအနေနဲ့ ပြည်သူ့လွှတ်တော်နေရာအတွက် လိင်ပညာပေးအစီအစဥ်တွေ ရိုက်ကူးတင်ဆက်နေတဲ့ လူငယ်အမျိုးသမီး ဗီဗီချမ်း နဲ့ အဓိက ပြိုင်ရတာလည်းဖြစ်ပါတယ်။
ဗီဗီချမ်း (ခ) နန်းဆုသဇင်အောင်အနေနဲ့ အရင်က ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီကနေ ဝင်ပြိုင်ဖို့ရှိခဲ့ပေမဲ့ ရွေးကောက်ပွဲမတိုင်ခင်မှာပဲ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးပါတီကို ကူးပြောင်းသွားခဲ့တာ ဖြစ်ပါတယ်။
သူ့အနေနဲ့ ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်စည်းရုံးချိန်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဝတ်ဆင်၊ သွားလာ ပြောဆိုတဲ့အတိုင်း ပုံတူကူးချခဲ့လို့ဆိုပြီး ဝေဖန်ခံခဲ့ရပါတယ်။
စစ်ကောင်စီဝန်ကြီး ဦးအောင်ကျော်ဟိုးအနေနဲ့ အလုပ်သမားတွေဆီက မဲရဖို့ ခက်ခဲခဲ့ပေမဲ့ ရွေးကောက်မှာ အသာစီးရယူထားတဲ့ ကြံ့ခိုင်ရေးပါတီကနေ ဝင်ပြိုင်တာဖြစ်လို့ အနိုင်ရဖို့ တပန်းသာနေခဲ့တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။


