
အာဏာသိမ်းစစ်တပ်က ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်ရှိ ရှမ်းတိုင်းရင်းသားတွေ နေထိုင်တဲ့ကျေးရွာတွေ မပါဝင်တာကြောင့် ဒေသခံတွေကို ကိုယ်စားပြုမှုမရှိသလို တရားမျှတမှုလည်း မရှိဘူးလို့ ပါဝင် ယှဉ်ပြိုင်နေတဲ့ ကိုယ်စားလှယ်လောင်း တယောက်က ပြောပါတယ်။
ကျောက်မဲမြို့နယ်မှာ ရပ်ကွက် ၉ ခုရှိပြီး ကျေးရွာ အုပ်စုပေါင်း ၈၁ အုပ်စု ရှိပါတယ်။ အဲဒီထဲမှာမှ ရပ်ကွက် ၉ ခုနဲ့ ကျေးရွာအုပ်စု ၅ အုပ်စုမှာသာ ရွေးကောက်ပွဲ ကျင်းပနိုင်တာပါ။
လက်ရှိ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ရှမ်းတိုင်းရင်းသားတွေ အများဆုံး နေထိုင်တဲ့ ကျေးရွာတွေ မပါဝင်တာကြောင့် တရားမျှတမှု မရှိဘူးလို့ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ရဲ့ ကိုယ်စားလှယ်လောင်းတယောက်က DVB ကို ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးနဲ့ အတူ TNLA တအာင်းတပ် ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက တနှစ်ကျော် သိမ်းပိုက်ထိန်းချုပ်ခဲ့တဲ့ ကျောက်မဲမြို့ကို စစ်တပ်က ၂၀၂၅ အောက်တိုဘာမှာ ပြန်လည် တိုက်ခိုက် သိမ်းယူနိုင်ခဲ့ပါတယ်။
ကျောက်မဲမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ဘေးရှောင်သွားကြတဲ့ ပြည်သူတွေမှာ နေရပ် ပြန်မလာနိုင်သေးတဲ့အပြင် မဲပေးဖို့လည်း စိတ်ဝင်စားမှု နည်းပါးတာကြောင့် မဲပေးပိုင်ခွင့် ရှိသူတွေထဲက ၃ ပုံ တပုံလောက်သာ မဲလာပေးကြတယ်လို့ ဆိုပါတယ်။
ကျောက်မဲမြို့နယ်က အမျိုးသားလွှတ်တော်နေရာမှာ စစ်တပ်ပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီ အပါအဝင် ပါတီပေါင်း ၇ ပါတီက ဝင်ရောက်ယှဉ်ပြိုင်နေကြပါတယ်။
ပြည်သူ့လွှတ်တော်နေရာမှာတော့ ကြံ့ခိုင်ရေးပါတီနဲ့ ကျားဖြူ (SNDP) ပါတီ ၂ ခု ဝင်ရောက် ယှဉ်ပြိုင်ပါတယ်။ ကျန်တဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နေရာမှာတော့ ကြံ့ခိုင်ရေးပါတီ တခုပဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်တာ ဖြစ်ပါတယ်။


