
ပြည်တွင်း၊ ပြည်ပက ဆန့်ကျင်ကန့်ကွက်မှုတွေကြားက ပြုလုပ်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲအပေါ် နိုင်ငံတကာက အသိအမှတ်ပြုတာ၊ မပြုတာကို နားမလည်ဘူးလို့ စစ်ခေါင်းဆောင်က ထုတ်ပြောလာပါတယ်။
ရွေးကောက်ပွဲအပိုင်း ၃ ပြုလုပ်တဲ့ ဒီကနေ့ ဇန်နဝါရီ ၂၅ ရက် မဲရုံတွေကို ကြည့်ရှုချိန်မှာ သတင်းထောက်တချို့ရဲ့ မေးမြန်းချက်ကို စစ်ခေါင်းဆောင်က ပြန်လည်ဖြေကြားလိုက်တာပါ။
ပြည်သူတွေကိုယ်တိုင် မဲပေးတာဖြစ်ပြီး ပြည်သူတွေ မဲပေးတာကိုပဲ အသိအမှတ်ပြုတယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။
တဖက်မှာလည်း ရွေးကောက်ပွဲမှာ မဲလာပေးဖို့ ဖိအားပေးခံရမှုတွေ ရှိသလို မဲထည့်ဖို့ ပြည်သူတွေ စိတ်ဝင်စားမှုနည်းနေတဲ့ အခြေအနေတွေ ရှိတာကို DVB က သတင်းမှတ်တမ်းရယူနေတဲ့ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်းလုံးမှာ ဒေသခံတွေနဲ့ မြေပြင်အခြေအနေ သိရှိသူတွေက ဖြေကြားထားကြပါတယ်။
စစ်ခေါင်းဆောင်ကတော့ မဲလာမပေးကြသူတွေဟာ သူတို့ကြိုက်တဲ့ပါတီ မရှိတာနဲ့ လုံခြုံရေးအရ လာမပေးကြတာ ဖြစ်ကြပြီး မဲလာပေးကြသူတွေကတော့ သူတို့ကြိုက်တဲ့ပါတီရှိလို့ မဲလာပေးတာလို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲ အပိုင်း ၃ ကို မန္တလေးတိုင်း ၈ မြို့နယ်မှာ ကျင်းပနေတာမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မဲရုံတွေကို လိုက်လံကြည့်ရှုခဲ့ပါတယ်။
စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း အခုကျင်းပနေတဲ့ ရွေးကောက်ပွဲအပိုင်း ၃ မှာ ပြည်သူတွေရဲ့ လာရောက်မဲပေးမှုဟာ ၅၀ ရာခိုင်နှုန်းအောက်ကို လျော့မှာမဟုတ်ဘူးလို့ ပြောပါတယ်။
ရွေးကောက်ပွဲရဲ့ အပိုင်း ၃ ကို ဇန်နဝါရီ ၂၅ ရက်နေ့ မြို့နယ် ၆၃ မြို့နယ် ပြုလုပ်နေရာမှာ လာရောက်မဲပေးသူ သိသိသာသာ လျော့နည်းနေတယ်ဆိုပြီး ဝေဖန်မှုတွေ ရှိနေပေမဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းက မဲပေးခွင့်ရှိသူရဲ့ ၅၀ ရာခိုင်နှုန်းအောက်ကို ကျဆင်းမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့တာပါ။
“ပထမအကြိမ်မှာ ၅၂ ရာခိုင်နှုန်း မဲပေးခဲ့တယ်။ ဒုတိယအကြိမ်မှာတော့ နည်းနည်းလေး နည်းသွားတယ်။ ၅၁ ရာခိုင်နှုန်းလောက်ပဲ မဲလာပေးခဲ့တယ်။ အခုတတိယအကြိမ်မှာလည်း ဘယ်လိုပြောပြော ၅၀ ရာခိုင်နှုန်းအောက် မလျော့နိုင်ပါဘူး။”
ရွေးကောက်ပွဲ မဲမပေးဖို့အတွက် လှုံ့ဆော်မှုတွေ ရှိနေပေမဲ့ ငြိမ်းချမ်းစွာနေလိုတဲ့ ပြည်သူတွေက မဲလာပေးကြတာလို့ ဆိုပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့အတွက် ပြည်ပနိုင်ငံတွေက လာရောက်ကြရာမှာလည်း ပြည်သူတွေရဲ့ မဲပေးမှုတွေကို မြင်တွေ့ခဲ့ရတဲ့အတွက် စောင့်ကြည့်လေ့လာသူတွေကိုယ်တိုင် အံ့အားသင့်ခဲ့ကြရတယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။


