
အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲ အပိုင်း ၃ လုပ်နေတဲ့ ရန်ကုန် မြို့နယ်တွေက လူစည်ကားတဲ့နေရာတွေမှာ ဈေးဆိုင်တွေပိတ်ဖို့ ဖိအားပေးထားတဲ့အတွက် ဈေးသည်တွေနဲ့ ဒေသခံတွေ အခက်အခဲဖြစ်နေပါတယ်၊
တာမွေမြို့နယ်ထဲက ပုံမှန်လူစည်ကားတဲ့နေရာတွေဖြစ်တဲ့ အရိုးကုန်းစျေး၊ ကျောက်မြောင်း ကျားကွက်သစ်လမ်းနဲ့ သတိပဋ္ဌာန်လမ်းတို့မှာ အိမ်နဲ့တွဲထားတဲ့ ဆိုင်ကြီးတွေကလွဲလို့ လမ်းဘေးဈေးဆိုင်တွေနဲ့ ဈေးသည်တွေကို မထွက်ဖို့ စည်ပင်က ဖိအားပေးပြောဆိုထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်၊
ကျောက်မြောင်းရပ်ကွက်နေသူတယောက်က “လမ်းဘေးဈေးသည်တွေလည်း ဖျက်ပေးရတယ်။ မနက်က ကျနော့်အမျိုးသမီး ဈေးသွားတော့ ဆိုင်တော်တော်များများ ပိတ်ထားတယ်တဲ့။ ပြီးတော့ ဆိုက်ကားဂိတ်အချို့ကိုတောင်မှ စည်ပင်ဝန်ထမ်း အမျိုးသမီးတယောက်က ဒီနေ့တရက်လောက်ပဲ ပိတ်ပေးပါဆိုပြီး လာပြောနေတာ တွေ့ခဲ့ရသေးတယ်” လို့ ပြောပါတယ်၊
ရန်ကုန်က ရွေးကောက်ပွဲအပိုင်း ၃ လုပ်မဲ့ မြို့နယ်တွေမှာ လမ်းဘေးဈေးဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ ဈေးသည်တွေကို ဈေးမရောင်းဖို့ ပြောဆိုထားတဲ့အပြင် ဆိုက်ကားဂိတ်တွေ ကိုပါ ဖျက်ခိုင်းထားပြီး လမ်းအဝင်အထွက်တွေမှာ လုံခြုံရေးတိုးမြှင့်ထားပါတယ်။
တာမွေမြို့နယ်နေ အမျိုးသားတယောက်က “ကျနော့်အိမ်ရှေ့ကဆိုက်ကားဂိတ် ၂ ခု၊ ကွမ်းယာဆိုင်၊ ထမင်းဆိုင်တွေ အကုန်ပိတ်ထားတာကို တွေ့ရတယ်။ အိမ်တွေ၊ မြေညီထပ်နဲ့တွဲလျက်ဆိုင်တွေတော့ ဖွင့်ထားတာကို တွေ့တယ်၊ မနက် ၆ နာရီဝန်းကျင်လောက် မဲပေးကြဖို့ လော်စပီကာနဲ့ လိုက်အော်နေ သေးတယ်၊ အခုထိ မဲရုံမှာ မဲပေးနေတဲ့သူ သိပ်မတွေ့ရဘူး” လို့ မဲပေးတဲ့ ဇန်နဝါရီ ၂၅ ရက် မနက် ၁၀ နာရီခွဲမှာ ပြောပါတယ်။
မင်္ဂလာတောင်ညွန့်မြို့နယ်မှာလည်း ဒီမတိုင်ခင်ရက်ကတည်းက လမ်းဘေးဆိုင်တွေနဲ့ အဖီတွေကို ဖျက်ခိုင်းထားပြီး ဒီနေ့မှာတော့ လက်ဖက်ရည်ဆိုင်တွေအပါအဝင် ဆိုင်အားလုံးနီးပါး ပိတ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် မဲလာပေးကြဖို့ ရပ်ကွက်တွေထဲမှာ အော်လံနဲ့လိုက်ပြီး ကြေညာနေတယ်လို့လည်း ဆိုပါတယ်။
လမ်းဘေးစားသောက်ဆိုင် အများစုက မထွက်တာ ၃ ရက်ကြာရှိနေပြီဖြစ်အတွက် ရုံးဝန်ထမ်းတွေ စားသောက်ဖို့ အခက်အခဲကြုံနေရပြီး ဈေးသည်တွေမှာလည်း စားဝတ်နေရေး အခက်အခဲတွေ ကြုံနေကြရကြောင်းလည်း သိရပါတယ်။
ဇန်နဝါရီ ၂၅ ရက် ရွေးကောက်ပွဲအပိုင်း ၃ မှာတော့ ရန်ကုန်တိုင်းထဲက ဒဂုံ၊ လမ်းမတော်၊ ဆိပ်ကြီးခနောင်တို၊ ဒလ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) ၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ မင်္ဂလာတောင်ညွန့် သာကေတ၊ မြောက်ဥက္ကလာပ၊ တာမွေ၊ ရန်ကင်း၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ စမ်းချောင်း၊ လှိုင်သာယာ (အနောက်ပိုင်း) နဲ့ လှိုင်သာယာ (အရှေ့ပိုင်း) တို့မှာ ပြုလုပ်နေတာဖြစ်ပါတယ်။
ဝေဝေ


