
လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စွဲဆိုထားတဲ့ အမှုတွေဟာ နိုင်ငံရေးအမှုတွေ မဟုတ်ဘဲ ရာဇဝတ်မှုတွေဖြစ်လို့ တရားဥပဒေအတိုင်း ဆက်လုပ်မယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇန်နဝါရီ ၂၄ ရက်မှာ ပြောဆိုလိုက်ပါတယ်။
စစ်တပ်ရဲ့ ဖမ်းဆီးအကျဉ်းချတာခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လွှတ်ပေးဖို့ ပြည်တွင်း၊ ပြည်ပမှာ တောင်းဆိုမှုတွေ အရှိန်မြင့်နေချိန်နဲ့ သူ့ရဲ့မိသားစုဝင်တွေက ကျန်းမာရေးအတွက် စိုးရိမ်ပူပန်နေချိန်မှာ လူထုခေါင်းဆောင်ကို ဖမ်းထားတဲ့ကိစ္စ တရားဥပဒေအတိုင်း ဆက်လုပ်မယ်လို့ စစ်ကောင်စီဘက် ထုတ်ပြောလာတာပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ရွေးကောက်ပွဲပြီးနောက် ဆက်လုပ်မဲ့ အခြေအနေတွေအပေါ် သတင်းထောက်တယောက်ရဲ့ မေးမြန်းချက်ကို ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြန်ဖြေရာမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် လူထုခေါင်းဆောင်ကို ၅ နှစ်နီးပါးအကြာ လူထုမြင်ကွင်းက ဖျောက်ကွယ်ထားပြီး အကျဉ်းသားအခွင့်အရေးဖြစ်တဲ့ မိသားစုဝင်တွေနဲ့ပါ တွေ့ဆုံခွင့်မပေးဘဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကောင်းမွန်တယ်လို့ပဲ ဗိုလ်ချုပ်ဇော်မင်းထွန်းက သက်သေမပြနိုင်ဘဲ ပြောဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ်ကတော့ သူ့မိခင်ရဲ့ ကျန်းမာရေးအခြေအနေ ဆိုးရွားလာနေပြီး သတင်းအချက်အလက်တွေ မရရှိနိုင်တာကြောင့် အသက်ရှင်နေသေးလားဆိုတာ မသေချာတော့ကြောင်းနဲ့ စိုးရိမ်တဲ့အကြောင်း ထုတ်ပြောပြီး တောင်းဆိုမှုတွေ လုပ်ထားပါတယ်။
အသက် ၈၀ အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က နေပြည်တော်မှာ အကျဉ်းချထားပြီး မိသားစုနဲ့ရော ရှေ့နေတွေနဲ့ပါ တွေ့ခွင့်မပေးဘဲ ပြင်ပနဲ့ အဆက်အသွယ် ဖြတ်တောက်ထားတာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး ချက်ချင်းမှာပဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းကာ အပြစ်မှုအမျိုးမျိုးတပ်ပြီး လူထုလှုံ့ဆော်မှု၊ အဂတိလိုက်စားမှု၊ ရွေးကောက်ပွဲလိမ်လည်မှု စတဲ့အမှုတွေစွပ်စွဲပြီး စုစုပေါင်း ထောင်ဒဏ် ၂၇ နှစ် ချမှတ်ထားတာ ဖြစ်ပါတယ်။
မချစ်မွန်


