
စစ်ကောင်စီက ပြည်ထဲရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်ကို မူလ စစ်ဘက်တာဝန် ပြန်ပေးလိုက်ပြီး သူ့နေရာမှာ ဒု-ဗိုလ်ချုပ်ကြီးဖုန်းမြတ်ကို ခန့်ထားတယ်လို့ ဇန်နဝါရီ ၂၇ ရက် ညမှာ ထုတ်ပြန်ပါတယ်။
ဧပြီလမှာ အစိုးရသစ်ဖွဲ့လိမ့်မယ်လို့ စစ်ကောင်စီက ပြောထားပေမဲ့ အခုအချိန်အထိ သူ့ရဲ့ ဝန်ကြီးတွေကို အပြောင်းအလဲ ပြုလုပ်နေတာဖြစ်ပြီး ဒုဝန်ကြီး အပြောင်းအလဲ လုပ်အပြီး ၄ ရက်အကြာမှာ ဝန်ကြီးကိုလည်း အပြောင်းအလဲ လုပ်လိုက်တာပါ။
စစ်တက္ကသိုလ် အပတ်စဉ် ၂၅ ဆင်း ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်ဟာ လက်ရှိ စစ်ကောင်စီရဲ့ အမှုဆောင်အရာရှိချုပ် အငြိမ်းစားဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနဲ့ တပတ်စဉ်တည်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာမှာ တပ်မတော်အရန်အင်အားအဖြစ် အပို့ခံခဲ့ရပါတယ်။
အဲဒီနောက် စစ်တပ်က အာဏာသိမ်းချိန်မှာ နယ်စပ်ရေးရာဝန်ကြီး ဖြစ်လာပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှာ ပြည်ထဲရေးဝန်ကြီး ဖြစ်လာတာပါ။
ဒုဗိုလ်ချုပ်ကြီးဖုန်းမြတ်ကတော့ NLD အစိုးရလက်ထက်မှာ နယ်စပ်ရေးရာ ဒုဝန်ကြီးဖြစ်ပြီး အာဏာသိမ်းပြီးနောက်မှာ စစ်ဘက်ကို ပြန်ပို့ခံရပြီးနောက် အမှတ် ၃ စစ်ဆင်ရေး အထူးအဖွဲ့မှူး၊ အမှတ် ၅ စစ်ဆင်ရေး အထူးအဖွဲ့မှူးလည်း ဖြစ်ခဲ့ကာ စစ်ရေးချုပ်အဖြစ် ၁ နှစ်လောက် တာဝန်ယူပြီးနောက် မကြာသေးခင်ကမှ စစ်ရေးချုပ်အဖြစ်ကနေ အနားပေးခံထားရတာ ဖြစ်ပါတယ်။
ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နဲ့ ဒုဗိုလ်ချုပ်ကြီးဖုန်းမြတ်တို့ဟာ အမေရိကန်နဲ့ ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံ ၇ ခုရဲ့ ပိတ်ဆို့အရေးယူခံထားရသူတွေလည်း ဖြစ်ပါတယ်။


