
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှာ ရေလုပ်သား မွတ်စလင်လူငယ် အမျိုးသား ၆ ယောက်ကို စစ်ကောင်စီ ရေတပ်က ဇန်နဝါရီ ၂၇ ရက်မှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံက ပြောပါတယ်။
မနေ့ည ၈ နာရီလောက်က ဆံတော်ရှင်ကျွန်း ပတ်ဝန်းကျင်မှာ ငါးဖမ်းနေချိန် စစ်ကောင်စီ ရေတပ်သင်္ဘာတစီးက လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံက ပြောပါတယ်။
“ည ၈ နာရီလောက်မှာ နေဗီက ဖမ်းသွားပါတယ်။ သူတို့ ငါးဖမ်းလှေပါ၊ လူပါ အကုန်လုံးကို စစ်တွေကို ယူသွားတယ်။”
ဖမ်းဆီးခံသွားရသူတွေကတော့ ပေါက်တောမြို့နယ် အနောက်ရဲမွတ်စလင်ရွာမှ အော်ဇီရာမာန် (၃၆ နှစ်)၊ ဆားရူလာမာန် (၂၆ နှစ်)၊ နတ်ချင်းရွာမှ ခေါရီမာလီ (၂၆ နှစ်)၊ သက်ကယ်ပြင်အောက်ရွာမှ မာမောက်အာရော (၂၅နှစ်)၊ ယာမာမောက် (၂၀နှစ်) နဲ့ ချောချီလာမီး (၂၅ နှစ်) တို့ ဖြစ်ကြပါတယ်။
ဖမ်းဆီးခံ ရေလုပ်သား လူငယ် ၆ ယောက်ကို ညတွင်းချင်း စစ်တွေဘက်ကို ခေါ်ဆောင်သွားပြီး အမှတ် (၁) ရဲစခန်းကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
စစ်တွေဒေသခံအမျိုးသားတယောက်က “အခု သူတို့ကို စစ်တွေမြို့ အမှတ် (၁) ရဲစခန်းမှာ ထိန်းသိမ်းထားတယ်၊ မိသားစုနဲ့ ဆွေမျိုးတွေနဲ့ တွေ့ခွင့်မပေးဘူး”လို့ ပြောပါတယ်။
ပေါက်တောမြို့နယ်၊ ဆင်တက်မော်ကျေးရွာမှာလည်း ဒေသခံငါးဖမ်းစက်လှေ ၃ စီးက ငါးဖမ်းသမား ၂၈ ယောက်ကိုလည်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်မှာ စစ်ကောင်စီရေတပ်က ဖမ်းဆီးခဲ့ပါတယ်။


