Home
မြန်မာသတင်း
ဖားကန့်မြို့တွင် ရွေးကောက်ပွဲ မဲပေးသူမရှိဘဲ ကြံ့ခိုင်ရေးပါတီ အနိုင်ရ
DVB
·
January 27, 2026

အာဏာသိမ်းစစ်တပ်က ဇန်နဝါရီ ၂၅ ရက်နေ့ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ အပိုင်း ၃ မှာ ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင်းက ပြည်သူတွေ မဲမပေးခဲ့တာကြောင့် ရွေးကောက်ပွဲ ပျက်သွားခဲ့ပေမဲ့  စစ်တပ်ပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးကိုယ်စားလှယ်လောင်းတွေက  မဲ ၁,၀၀၀ ကျော်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဖားကန့်မြို့နယ်မှာ စစ်ကောင်စီက မြို့အဝင်အထွက်ကို ပိတ်ဆို့ပြီး ရွေးကောက်ပွဲကျင်းပဖို့ ကြိုးစားခဲ့ပေမဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်ခံရသလို ပြည်သူတွေကလည်း အပြင်မထွက် မဲမပေးကြတာကြောင့် ဖားကန့်မြို့ပေါ် ရပ်ကွက်တွေဖြစ်တဲ့ မော်ဝမ်းရပ်ကွက်၊ ငှက်ပျောတောရပ်ကွက်၊ အေးမြသာယာရပ်ကွက်နဲ့ မြို့မရပ်ကွက် ၄ ရပ်ကွက်တို့မှာ ရွေးကောက်ပွဲ ပျက်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “ဇန်နဝါရီလ ၂၅ ရက်နေ့မှာ တရုတ်အစိုးရ အားပေးကူညီထောက်ပံ့မှုနဲ့အတူ အာဏာသိမ်းထားတဲ့ အကြမ်းဖက်ခေါင်းဆောင်က ရွေးကောက်ပွဲလုပ်တယ်။ အဲဒါ ဖားကန့်မှာ ရွေးကောက်ပွဲ မလုပ်ဖြစ်ဘူး။ ရွေးကောက်ပွဲ ပျက်သွားတယ်။ ဖားကန့်မှာ ၂၀၂၀ မဲစာရင်းအရ မဲပေးခွင့်ရှိသူက အားလုံး ၂၂၅,၀၀၀ ရှိတယ်။ ဒါပေမဲ့ မနေ့က ဖားကန့်မှာ ရွေးကောက်ပွဲ ပျက်သွားတော့ မနေ့ကကျတော့ သူတို့ဘက်က ကြံ့ဖွတ်ကိုယ်စားလှယ်လောင်းက သက်ပိုင်ထူး၊ သူကတော့ ၁,၆၇၅ မဲနဲ့ အနိုင်ရရှိတယ် ပြောတယ်။ ဖားကန့်မှာ ဖားကန့်ပြည်သူတွေက တယောက်မှ မဲမပေးဘူး။ ဒီအကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ထောက်ခံတာ တယောက်မှ မရှိဘူး။ ဖားကန့်ပြည်သူတွေ တယောက်မှ မဲမပေးတဲ့အတွက် ဒါက ဖားကန့်ရဲ့ ကိုယ်စားလှယ်လည်း မဟုတ်ဘူး။ စစ်ကောင်စီက သူ့ဘာသာလုပ်တဲ့ မတရားရွေးကောက်ပွဲ။ ပြည်သူတွေ ထောက်လည်း မထောက်ခံဘူး၊ တရားလည်းမဝင်ဘူး” လို့ ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ ဖားကန့်မြို့နယ်အတွင်း မဲလာရောက်ပေးခဲ့သူ မဲဆန္ဒရှင်ဦးရေ ၃,၀၀၀ ကျော်သာ ရှိခဲ့တာကို တွေ့ရပါတယ်။

ဖားကန့်မြို့နယ်မှာ ၂၀၂၀ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတုန်းက မဲပေးနိုင်တဲ့ မဲဆန္ဒရှင်ဦးရေ ၁၈၀,၀၀၀ ကျော်ရှိပြီး မဲရုံပေါင်း ၁၀၅ ရုံအထိ ရှိခဲ့တာ ဖြစ်ပါတယ်။

စစ်အုပ်စုက ပြုလုပ်တဲ့ ရွေးကောက်ပွဲမှာတော့ ဖားကန့်မြို့ပေါ်က မော်ဝမ်းစုပေါင်းရုံးမှာ မဲရုံ ၃ ရုံ၊ ဖားကန့် အထကမှာ မဲရုံ ၃ ရုံ၊ ငှက်ပျောတော အလကခွဲမှာ မဲရုံ ၂ ရုံ၊ ကားမိုင်းမြို့က ကားမိုင်းအထကမှာ မဲရုံ ၁ ရုံ၊ အထကခွဲမှာ မဲရုံ ၁ ရုံနဲ့ လီဒိုလမ်းမတကျောရှိ ကျေးရွာတွေဖြစ်တဲ့ ဒွန်ဘုန်းခ၊ လဝါး၊ ဒွန်ဘန်၊ မန်ပန်၊ နောင်းမြီ၊ ဝါရာဇွပ်၊ ရှဒူဇွပ်၊ ကောင်ရာ၊ နန့်ယား စတဲ့ ကျေးရွာအုပ်စုတွေက စာသင်ကျောင်းက မဲရုံတွေနဲ့ ဖားကန့်မြို့နယ်အတွင်း မဲရုံ ၁၉ ရုံ ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ရွေးကောက်ပွဲပြုလုပ်မဲ့ရက် မတိုင်ခင် ၂ ရက်အလိုလောက်ကတည်းက ဖားကန့်မြို့အဝင် ပန်းတင်တံတားနဲ့ ဖားကန့်မြို့ထဲနဲ့ မရှီကထောင်ရပ်ကွက်ကို ဆက်သွယ်ထားတဲ့ ဥရုရတနာ ကျောက်စိမ်းတောင်တံတားတို့ကို ပိတ်ထားလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဖားကန့်မြို့တွင်းမှာလည်း စစ်ကောင်စီတပ်တွေ လုံခြုံရေးယူထားပြီး နှစ်ဖက် အပြန်အလှန် လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် ပြည်သူတွေ အပြင်မထွက်ဘဲ ရွေးကောက်ပွဲကို မဲသွားမပေးခဲ့ကြဘူးလို့ ဒေသခံတယောက်က ပြောပါတယ်။ 

“ရွေးကောက်ပွဲလုပ်မဲ့ ၂ ရက်အလို ၂၃ ရက်နေ့ ညကတည်းကနေ စစ်ကောင်စီက ဖားကန့်မြို့အဝင် ပန်းတင်တံတားရယ်၊ ဖားကန့်မြို့ထဲက ကျောက်စိမ်းတောင်တံတားရယ်ကို ပိတ်လိုက်တော့ ဖားကန့်မြို့ကို နှစ်ခြမ်း ခြမ်းလိုက်သလို ဖြစ်သွားတယ်။ ဖားကန့်ပြည်သူတွေက လူသားဒိုင်း လုပ်ခံရတာပေါ့။ သူတို့ ရွေးကောက်ပွဲလုပ်မဲ့နေ့မှာ ဘယ်မှ အပြင်မထွက်ရဘူး၊ ၂ ရက်ကို။ အကြမ်းဖက် စစ်ကောင်စီက ဖားကန့်မှာ ရွေးကောက်ပွဲလုပ်ဖို့ လုပ်ထားပေမဲ့လည်း မဲစာရင်းတွေ ကပ်တာ မရှိဘူး။ မဲစာရင်း ကြေညာတာမရှိဘူး။ ပြည်သူတွေလည်း မဲစာရင်းသွားစစ်တာ မရှိဘူး။ သူတို့ရဲ့ တရားမဝင် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဆိုတဲ့သူတွေကလည်း မဲဆွယ်တာ တယောက်မှမရှိဘူး။ အဲ့အချိန်မှာ ဖားကန့်ပြည်သူတွေကလည်း ရွေးကောက်ပွဲနေ့မှာလည်း ဘယ်သူမှ မဲထွက်မပေးဘူး။ တမြို့လုံး တိတ်ဆိတ်ပြီးတော့ လမ်းပေါ်မှာ ဘယ်သူမှမရှိဘူး။ အားလုံး အိမ်ထဲမှာပဲ နေကြတယ်။ လက်နက်ကြီးသံတွေ သေနတ်သံတွေ ပစ်နေတာ စစ်ကောင်စီဘက်ကလည်း။ ဖားကန့်ရဲ့ နန့်ယား၊ ကားမိုင်းတို့မှာ သူတို့ထိန်းချုပ်ထားတဲ့ နေရာတွေမှာ လုပ်ပြီး မဲပေးသူနည်းနည်းနဲ့ ရွေးကောက်ပွဲဖြစ်တယ်ဆိုတဲ့ အဖြစ်သဘောနဲ့ သူတို့က လုပ်ကြတာ။”

ဖားကန့်မြို့မှာ ရွေးကောက်ပွဲကျင်းပနေစဉ်အတွင်း အပြန်အလှန်ပစ်ခတ်မှုတွေ ရှိနေပြီး စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ဖားကန့်မြို့ အနီးပတ်ဝန်းကျင်ရှိ ဆိုင်းတောင်ကျေးရွာ ရပ်ကွက် ၃ မှာ ပြည်သူ ၂ ယောက်၊ တောင်ပြူရွာမှာ ပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အပြင် ဖားကန့်တွင်းရှိ မဲရုံတရုံ အနီးမှာလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ပြည်သူ ၅ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

“အကြမ်းဖက်စစ်ကောင်စီက ရွေးကောက်ပွဲလုပ်မဲ့နေ့မှာလည်း ဖားကန့်တပ်မကုန်း၊ ရခိုင်ကုန်းတို့ကနေ လက်နက်ကြီးနဲ့ပစ်တယ်။ မြို့ဘက်မှာလည်း သေနတ်တွေဖောက်တော့ ပြည်သူတွေက ဘယ်သူမှ အသံမထွက်ရဲဘူး။ အကြမ်းဖက်စစ်ကောင်စီ လက်နက်ကြီးနဲ့ ပစ်တဲ့အတွက် ဆိုင်းတောင် ယူမာ ရပ်ကွက် ၃ မှာလည်း ပြည်သူ ၂ ယောက် ထိတယ်။ တောင်ပြိုရွာဘက်မှာလည်း တပ်မကုန်းက လက်နက်ကြီးပစ်လို့ ပြည်သူ ၂ ယောက် ထိတယ်။”

စစ်ကောင်စီတပ်ဟာ ဖားကန့်မြို့နယ်တွင်း နယ်မြေစိုးမိုးမှုရယူပြီး ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ၂၀၂၅ မေလနှောင်းပိုင်းက စတင်ပြီး အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်မှုတွေကြောင့် ပြည်သူ ၁၀၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၃၀၀ ကျော် ရှိခဲ့ပါတယ်။

ဟန်န

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013