
ရန်ကုန်တိုင်းမှာ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးအတွက် ကြံ့ခိုင်ရေးပါတီက ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းက အနိုင်ရရှိခဲ့တယ်လို့ ရန်ကုန်ရောက် ရခိုင်လူမျိုးတွေဆီက သိရပါတယ်။
ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ကိုယ်စားလှယ်လောင်း ၆ ယောက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကြံ့ခိုင်ရေးပါတီမှ ဦးနေမင်းထွန်းက တသီးပုဂ္ဂလ ဦးညီညီကို ကျော်ပြီး အနိုင်ရရှိသွားတာလို့ ရန်ကုန်ရောက် ရခိုင်အမျိုးသားတယောက်က ပြောပါတယ်။
“ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ကြံ့ဖွံ့အမတ် ဦးနေမင်းထွန်း နိုင်သွားတယ်လို့ သိရတယ်။ ဒုတိယကတော့ တသီးပုဂ္ဂလ ဦးညီညီ ရတယ်လို့ ကြားပါတယ်။ ကြံ့ဖွံ့အမတ်ကတော့ အစိုးရဝန်ထမ်းတွေရဲ့မဲတွေ အများကြီးရသွားတော့ တခြားလူတွေထက် နှာတဖျားသာနေတာပေါ့။ ရွေးကောက်ပွဲကိုလည်း ရခိုင်ပြည်သူတွေ စိတ်ဝင်စားမှုမရှိတော့ မဲသွားပေးတဲ့သူတွေတောင် သိပ်မရှိဘူး။ အမတ်လောင်းတွေနဲ့ နီးစပ်သူတွေလောက်ပဲ သွားပေးကြတာ။”
ရွေးကောက်ပွဲကော်မရှင်က ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး နေရာအတွက် အနိုင်ရရှိသူကို တရားဝင် ကြေညာခြင်း မရှိသေးပေမဲ့ ဦးနေမင်းထွန်းကတော့ သူ့အနေနဲ့ ကြိုတင်မဲနဲ့ အနိုင်ရရှိတာ မဟုတ်ဘူးလို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
ရန်ကုန်တိုင်းမှာ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး နေရာအတွက် ကြံ့ခိုင်ရေးပါတီ၊ ပြည်သူ့ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ကျားဖြူပါတီ၊ ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီနဲ့ တသီးပုဂ္ဂလအမတ် တယောက် ယှဉ်ပြိုင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ စစ်တပ် ကျောထောက်နောက်ခံပြုထားတဲ့ ကြံ့ခိုင်ရေးပါတီက ကနဦးရလဒ်တွေအရ တနိုင်ငံလုံးအတိုင်းအတာနဲ့ ၈၅ ရာခိုင်နှုန်း အနိုင်ရရှိထားပြီး အတိုက်အခံ နိုင်ငံရေးပါတီတွေနဲ့ တသီးပုဂ္ဂလတွေ အရှုံးနဲ့ ရင်ဆိုင်လိုက်ရတာလည်း ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာလည်း ပြည်နယ်တွင်း အင်အားကြီးပါတီတွေဖြစ်တဲ့ ဒေါက်တာအေးမောင်ရဲ့ AFP နဲ့ ဦးဘရှိန်ရဲ့ RNP ပါတီတို့လည်း ကြံ့ခိုင်ရေးအမတ်တွေကို ရှုံးနိမ့်ခဲ့ကြပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
အာဆီယံ ဥက္ကဋ္ဌ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကတော့ ဒီရွေးကောက်ပွဲကနေ အနိုင်ရထွက်ပေါ်လာမဲ့ ဘယ်အဖွဲ့အစည်းကိုမှ အဆောတလျင် အသိအမှတ်ပြုတာတွေလုပ်မှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။


