Home
မြန်မာသတင်း
ဝေါမြို့နယ်၌ စစ်တပ်က ကြံ့ခိုင်ရေးပါတီအတွက် မဲစာရွက်ပေါ် အမှန်ခြစ်ခိုင်းပြီး မဲမသမာမှုလုပ် 
DVB
·
January 23, 2026

ရွေးကောက်ပွဲ အပိုင်း ၃ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ပဲခူးတိုင်း၊ ဝေါမြို့နယ် စစ်တောင်းမြစ်ကမ်းက ရွာတွေမှာ ရွာသားတွေကို စစ်ကောင်စီတပ်က ကြံ့ခိုင်ရေးပါတီအတွက် မဲပေးခိုင်းပြီး ကြိုတင်မဲ လာရောက် ကောက်ယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဝေါမြို့နယ်ထဲက သူရဲသမိန်၊ ကျွန်းစု၊ ဝိုင်းပတ်၊ ဆင်ရွာ စတဲ့ရွာတွေကို ဇန်နဝါရီ ၂၁ ရက်ကစလို့ စစ်ကောင်စီတပ်က လာရောက်ပြီး မဲပေးစက်နဲ့ မဲမပေးခိုင်းတော့ပဲ စာရွက်ပေါ် အမှန်ခြစ် မဲပေးခိုင်းသလို ကြွပ်ကြွပ်အိတ်အမည်းနဲ့ ထုပ်ယူသွားတယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “သူရဲသူမိန် ဆိုရင်လည်း လုံခြုံရေးကင်း အထပ်ထပ်ချထားပြီးတော့ မဲကို ရအောင် ယူပါတယ်။ အဝင်အထွက် အကုန်ပိတ်ထားတယ်။ ပထမ ၂ ရက်က ရပ်ကွက် ၄ ရပ်ကွက်ကို ကောက်တယ်။ ပြီးတော့ မနေ့က ကျန်တဲ့ ရပ်ကွက် ၇ ခုလုံးကို ကောက်သွားတယ်။ သူရဲသမိန်ကို ကောက်ပြီးသွားပြီ။ အခုက ဝိုင်းပတ်နဲ့ ကျွန်းစုပေါ့။ ဝိုင်းပတ်ကျေးရွာအုပ်စုလို့ ခေါ်တယ်။ မနေ့က ၁၁ နာရီလောက်မှာ လုံခြုံရေးတာဝန်နဲ့ ရဲ ၄ ယောက်၊ စစ်သား ၂ ယောက် လာပြီးတော့ နီးစပ်ရာအဆင်ပြေတဲ့ အိမ်ကြီးကြီးတလုံးကို ဝင်ပြီးတော့ တအိမ် တယောက်ပဲ လာပေးရမယ်ဆိုပြီး ခေါ်တယ်။ လူဦးရေ ဘယ်လောက်ရှိရှိ တယောက်တည်း ထည့်သွားပေးလို့ရတယ် ဆိုပြီးတော့ စာရွက်တွေပေးပြီး ကျန်ကျောင်းအိတ်အမည်းထဲကိုပဲ အမှန်ခြစ် ခြစ်ခိုင်းပြီး ထည့်ခိုင်းပါတယ်”လို့ DVB ကိုပြောပါတယ်။

စစ်ကောင်စီဟာ မဲစာရွက်ပေါ်မှာ ကြံ့ခိုင်​ရေးပါတီကို ထည့်ခိုင်းစေပြီး မြစ်ကျိုးနဲ့ ကွေ့ကြီး ကျေးရွာအုပ်စုတွေမှာလည်း မနက်ဖြန် ဇန်နဝါရီ ၂၃ ရက်မှာ မဲကောက်ယူသွားမယ်လို့ သိရပါတယ်။

ဒေသခံတယောက်ကလည်း “လက်ပံလှရွာမှာ ဆယ်အိမ်ခေါင်း အိမ်တွေမှာပဲ မဲစာရွက်နဲ့ တအိမ်ချင်း လာရောက်ပြီး ကြံ့ခိုင်ရေးကိုပဲ မဲထည့်ခိုင်းတယ်။ စာသင်ကျောင်းမှာလည်း မဲပုံးထောင်ပြီး မလုပ်တော့ဘူး။ ဒီနေ့လည်း ကောက်တယ်။ မနေ့ကလည်း ကောက်တယ်”လို့ ပြောပါတယ်။

အဲဒီလို မဲတွေကို ကြိုတင်ကောက်ယူနေတာဟာ တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ရင် မဲပေးတာ ပျက်သွားမှာ စိုးရိမ်တာကြောင့်လို့ တော်လှန်ရေးတပ်တွေဘက်က ဆိုပါတယ်။

ဝေါမြို့ပေါ်နဲ့ တချို့ကျေးရွာတွေမှာ ဇန်နဝါရီ ၂၅ ရက်နေ့ ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီတပ်ဟာ မဲပေးနိုင်တဲ့ စာရွက်တွေကို လိုက်လံဖြန့်ဝေထားပြီးဖြစ်သလို ကျွန်းစု၊ ဝိုင်းပတ်၊ သူရဲသမိန်ရွာတွေမှာလည်း ညတိုင်း ကင်းပတ်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို  ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။ 

အာဆီယံ ဥက္ကဋ္ဌ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကတော့ ဒီရွေးကောက်ပွဲကနေ အနိုင်ရထွက်ပေါ်လာမဲ့ ဘယ်အဖွဲ့အစည်းကိုမှ အဆောတလျင် အသိအမှတ်ပြုတာတွေလုပ်မှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013