Home
မြန်မာသတင်း
ကြိုတင်မဲဖြင့် အနိုင်ရထားသည့် ကြံ့ခိုင်ရေးပါတီကြောင့် တပါတီစနစ် ကြီးစိုးမည်ကို စိုးရိမ်
DVB
·
January 8, 2026

စစ်တပ်ကျင်းပတဲ့ ရွေးကောက်ပွဲ ပထမပိုင်းမှာ တပ်ထောက်ခံတဲ့ ကြံ့ခိုင်ရေးပါတီဟာ ကြိုတင်မဲအရေအတွက်နဲ့ အပြတ်အသတ်အနိုင်ရထားပြီး တပါတီစနစ် ကြီးစိုးလာမှာကို ပြိုင်ဘက်နိုင်ငံရေးပါတီတွေက စိုးရိမ်နေကြပါတယ်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ အပိုင်း ၁ ရလဒ်တွေကို ထုတ်ပြန်ခဲ့ပြီးနောက်မှာတော့ ကြံ့ခိုင်ရေးပါတီက ကြိုတင်မဲအရေအတွက် အပြတ်အသတ်နဲ့ အနိုင်ပိုင်းထားကြောင်း အချက်အလက်တွေအရ သိရပါတယ်။

ရွေးကောက်ပွဲအပိုင်း ၁ မှာ ပြုလုပ်ခဲ့တဲ့ မြို့နယ် ၈၁ မြို့နယ်စလုံးမှာ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းတွေက တခြားပါတီကိုယ်စားလှယ်လောင်းတွေထက် တယောက်ချင်း ကြိုတင်မဲရရှိမှုမှာ သာလွန်နေတာ၊ ကြံ့ခိုင်ရေး ကိုယ်စားလှယ်လောင်း ရရှိတဲ့ ကြိုတင်မဲ အရေအတွက်နဲ့ တခြားပါတီက ကိုယ်စားလှယ်လောင်းတွေ အားလုံးပေါင်းတဲ့ ကြိုတင်မဲ အရေအတွက် ၂ ခု ထပ်ပြီးနှိုင်းယှဉ်မယ်ဆိုရင်တောင် မာန်အောင်မြို့နယ်ကလွဲလို့ ကျန်တဲ့ မြို့နယ် ၈၀ မှာ သာလွန်တယ်လို့ နိုင်ငံရေးအခြေအနေတွေ စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Data For Myanmar ရဲ့ စစ်တမ်းတွေအရ သိရပါတယ်။

Data For Myanmar ရဲ့ တာဝန်ရှိသူက ကြိုတင်မဲ အချက်အလက်တွေအရ ကြံ့ခိုင်ရေးပါတီက တခြားပါတီတွေထက် သာလွန်နေတာတွေ့ရပြီး တချို့နေရာတွေမှာလည်း မဲရုံမဲအရ အနိုင်ရနေပေမဲ့ ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီကို ရှုံးသွားရတဲ့ မဲဆန္ဒနယ်တွေလည်းရှိကြောင်း DVB ကို ပြောပါတယ်။

ဒီလို ကြံ့ခိုင်ရေးပါတီ အရေးသာနေတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး စစ်ခေါင်းဆောင်ဆီ စာပို့အကြောင်းကြားထားကြောင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီး ကလည်း မီဒီယာတွေကို ပြောပါတယ်။

“ပြောရရင် မဲအများဆုံးရတဲ့သူကပဲ PR မှာလည်း ဆက်ပြီးရမဲ့သဘောမျိုး ဖြစ်နေတော့၊ နောက်တခု ဒီရွေးကောက်ပွဲမှာလည်း ပါတီအသီးသီးကလည်း ကိုယ့်ရဲ့ အတွေ့အကြုံတွေကို ပြန်ပြောပြနေကြတာ ရှိတယ်။ မဲစာရင်းမပါတာတွေ၊ အားနည်းချက်တွေ၊ ကြိုတင်မဲပြဿနာတွေ၊ အဲဒါတွေက လှလှပပ ရလဒ်မျိုးတော့ ဖြစ်ဖို့လိုတယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ တဖက်စောင်းနင်း ရလဒ်မျိုးတွေ လုပ်လာရင် ရွေးကောက်ပွဲအလွန် နိုင်ငံရေးအတွက်လည်း ပုံရိပ်မကောင်းဘူးလို့ ကျနော်တို့က မြင်တယ်။ အဲဒါကြောင့်မို့ တပါတီကြီးစိုးတဲ့လွှတ်တော်နဲ့ ပတ်သက်ပြီးတော့ အတွေ့အကြုံတွေဟာ အရင့်အရင်ကလည်း ကျနော်တို့ ခံစားခဲ့ပြီးပြီ။ ဒါကြောင့်မို့ ဒီမိုကရေစီဘောင် ပြန်ပွင့်လင်းလာတဲ့ ရွေးကောက်ပွဲမျိုး ဖြစ်ဖို့အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အနေနဲ့ ထိန်းကြောင်း တည့်မတ်ပေးဖို့ တိုက်ရိုက် စာပေးပို့ခဲ့ပါတယ်။”

ရွေးကောက်ပွဲ ပထမပိုင်းရဲ့ ကြိုတင်မဲ ကောက်ယူတဲ့အခါ ပွင့်လင်းမြင်သာမှု အားနည်းတာကြောင့် ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီ အပါအဝင် ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ် - SNDP (ကျားဖြူပါတီ) နဲ့ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့က အသီးသီး စာပို့ထားကြောင်းလည်း သိရပါတယ်။

လက်ရှိရွေးကောက်ပွဲ မဲရေတွက်တဲ့စနစ်ဟာ တပါတီကြီးစိုးတဲ့လွှတ်တော် ဖြစ်လာဖို့သာ ရည်ရွယ်ထားတာဖြစ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ကိုထင်ကျော်အေးကလည်း မှတ်ချက်ပြုပါတယ်။

“လွှတ်တော်ကတော့ သေချာပေါက် တပါတီကြီးစိုးတဲ့လွှတ်တော်ပဲ ဖြစ်လာမှာပေါ့နော်။ အရင့်အရင် ရွေးကောက်ပွဲတွေနဲ့ကို မတူဘဲနဲ့ လက်ရှိလုပ်ထားတဲ့စနစ် PR နဲ့ FPTP လုပ်ထားတဲ့ စနစ်ကိုက တပါတီ အာဏာကြီးစိုးရေးကိုပဲ ပိုပြီးလုပ်ထားတယ်။ ပြီးတော့ လက်ရှိ နိုင်ငံရေး အခြေအနေနဲ့ မဲပေးတဲ့ အခင်းအကျင်းကလည်း တပါတီအသာစီးရဖို့ကိုပဲ လုပ်ထားတာ ဖြစ်တဲ့အတွက် ဘယ်နည်းနဲ့မှတော့ မျှတမှာ မဟုတ်ဘူး။ ရွေးကောက်ပွဲရလဒ်ကို ဖယ်ပြီး စဉ်းစားဦးတော့၊ အဲဒီမတိုင်ခင် ရွေးကောက်ပွဲလုပ်လာတဲ့ အခင်းအကျင်း တောက်လျှောက်သည် လွတ်လပ်ပြီး တရားမျှတမှုမရှိတဲ့စနစ်နဲ့ ပုံမှန်မဟုတ်တဲ့ နိုင်ငံရေးအခင်းအကျင်းကို ဖန်တီးထားတယ်လို့ ပြောရမှာပေါ့။ မမျှတတဲ့နိုင်ငံရေးစနစ် ပုံမှန်မဟုတ်တဲ့ နိုင်ငံရေးစနစ်ကြီးနဲ့ ဒီအခြေအနေတွေပေါ် ဝင်ပြိုင်ခဲ့ပြီးမှ ဒါ သူတို့ မနိုင်တော့မှာပဲ သူတို့ အနိုင်အရှုံး ရလဒ်တွေအပေါ်မှာ အဆုံးအဖြတ်ဖြစ်စေခဲ့တဲ့ ကြိုတင်မဲကို မေးခွန်းထုတ်တယ်လို့ပဲ မြင်တယ်။”

ရွေးကောက်ပွဲ အပိုင်း ၁ မှာ အနိုင်ရတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ‌ရွေးကောက်ပွဲကော်မရှင် ကြေညာထားချက်အရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁၀၂ နေရာ၊ နာဂအမျိုးသားပါတီက ၄ နေရာ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီက ၃ နေရာ၊ ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီက ၂ နေရာ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ၂ နေရာ၊ မွန်ညီညွတ်ရေးပါတီက ၁ နေရာ၊ ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီက ၁ နေရာ၊ ရခိုင်တိုင်းရင်းသားများပါတီက ၁ နေရာနဲ့ အမျိုးသားလွှတ်တော်မှာ ‘ဝ’ အမျိုးသားပါတီက ၁ နေရာ အသီးသီး အနိုင်ရထားပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013