Home
မြန်မာသတင်း
ကရင်နိုင်ငံရေးပါတီ ၂ ခုလုံး ကြိုတင်မဲဖြင့် ရှုံးနိမ့် 
DVB
·
December 31, 2025

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲမှာ ကရင်ပြည်နယ် ဘားအံနဲ့ မြဝတီ မဲဆန္ဒနယ် ၂ ခုလုံး ကရင်နိုင်ငံရေးပါတီ ၂ ခုလုံး ကြိုတင်မဲနဲ့ ကြံ့ခိုင်ရေးပါတီကို ရှုံးနိမ့်ခဲ့ပါတယ်။

ဒီဇင်ဘာ ၂၈ ရက်က ရွေးကောက်ပွဲ အပိုင်း ၁ အဖြစ်  ဘားအံ၊ မြဝတီနဲ့ သံတောင်ကြီးမြို့နယ် ၃ မြို့နယ်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဘားအံမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတွေအပါအဝင် မဲရုံပေါင်း ၂၀၀ ကျော်၊ မြဝတီမြို့နယ်မှာ ရပ်ကွက်နဲ့ ကျေးရွာတွေအပါအဝင် မဲရုံပေါင်း ၄၀ ကျော်ဖွင့်လှစ်ခဲ့ပါတယ်။

ဘားအံမဲဆန္ဒနယ်အတွင်း ပြည်သူ့လွှတ်တော်မှာ ကြံ့ခိုင်ရေးပါတီက ၃၂၃၆၃ မဲ၊ ကရင်ဒီမိုကရက်တစ်ပါတီက ၂၉၁၈၅ မဲ၊ ဖလုံစဝေါ်ပါတီက ၁၄၉၁၆ မဲ  အမျိုးသားလွှတ်တော်မှာ ကြံ့ခိုင်ရေးပါတီက ၃၅၁၁၈ မဲ၊ ကရင်ဒီမိုကရက်တစ်ပါတီက  ၂၄၄၃၆ မဲ၊ ဖလုံစဝေါ်ပါတီက ၂၃၁၁၅ မဲ၊ ပြည်နယ်လွှတ်တော်မှာ ကြံ့ခိုင်ရေးပါတီက ၃၈၉၄၂ မဲ၊ ကရင်ဒီမိုကရက်တစ်ပါတီက ၂၄၀၃၇ မဲ၊ ဖလုံစဝေါ်ပါတီက ၁၈၂၅၄ မဲ ရရှိခဲ့ပါတယ်။

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက “ကျနော်တို့ကတော့  ပါတီထောင်ကတည်းက ရွေးကောက်ပွဲဝင်ရမယ်။ ရွေးကောက်ပွဲကိုဝင်လို့ရှိရင် ကော်မရှင်ရဲ့ ကြီးကြပ်ကွပ်ကဲမှုအောက်မှာ ရှိရမယ်ဆိုတာ ကျနော်တို့က ခံယူထားပြီသား။ ဆိုတဲ့အခါကျတော့ ထွက်လာတဲ့ ရလဒ်ကို ကျနော်တို့က ကြိုက်သော်ရှိ မကြိုက်သော်ရှိ ကျနော်တို့ကလက်ခံရမှာပဲ။ ကျနော်တို့အတွက် စိတ်အနှောင့်အယှက် နည်းနည်းဖြစ်တာကတော့ ခုနက ကြိုတင်မဲကိစ္စမှာ တချို့ မသိလိုက်တာတွေရှိတယ်။ တချို့ အချိတ်အဆက်မမိတာတွေလည်း ရှိတယ်။ အဲဒီမှာ ကျနော်တို့ တော်တော်လေး မဲက အဲဒီမှာကွာသွားတဲ့အတွက် အဲဒီဟာလေးတခုတော့ နည်းနည်း ကျနော်တို့အတွက် အခက်အခဲဖြစ်သွားတယ်”လို့ ပြောပါတယ်။

ရွေးကောက်ပွဲမှာ  မဲဆန္ဒရှင်ပြည်သူတွေကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ဖိအားပေးခြိမ်းခြောက်တာ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ကြံ့ခိုင်ရေးပါတီဝင်တွေ ဖြစ်နေတာ ဒါကြောင့် ဥပဒေဘောင်ထဲကနေ ဥပဒေကိုအသုံးပြုပြီး ဥပဒေနဲ့ အကြမ်းဖက်ခံခဲ့ရတယ်လို့  ကိုယ်စားလှယ်လောင်းတွေက ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအပြီး ကရင်ပါတီတွေပေါင်းစည်းရေး တွေဆုံဆွေး‌နွေးမှု ၇ ကြိမ်ပြုလုပ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့တာကြောင့် ရွေးကောက်ပွဲမှာ ကရင်ပါတီ ၂ ခုလုံး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

မန်းအောင်ပြည်စိုးက “၂၀၂၀ ပြီးတဲ့အခါကျတော့  အာဏာသိမ်းလိုက်တဲ့အခါကျတော့ ကျနော်တို့ ပါတီအားလုံးရှိရမယ်။ ကရင်ပြည်နယ်ဘက်က အမှုဆောင်တွေ ညှိနှိုင်းတိုင်ပင်လိုက်တော့ ကျနော်တို့ ပေါင်းစည်းမှပဲဖြစ်မယ်။ တာဝန်ရှိတဲ့ အမှုဆောင် ၁၅ ယောက်လောက် ဖလုံစဝေါ်ရဲ့ အကြီးအကဲတွေ နာယကကြီးတွေအပါအဝင် တွေ့ဆုံပြီးတော့ ညှိနှိုင်းတယ်။ ညှိနှိုင်းတော့ သူတို့က လက်မခံဘူး။ လက်မခံတဲ့အခါကျတော့ ကျနော်တို့လည်း မတတ်နိုင်ဘူးပေါ့။  ၂ ပါတီပဲ ဖြစ်နေတာပေါ့။ ၂ ပါတီပဲဖြစ်တော့ ၂၀၂၅ မှာ ၂ ပါတီပဲ ပြိုင်လိုက်တဲ့ သဘောမျိုးပေါ့။ မဲရလဒ်အခြေအနေကိုကြည့်လိုက်တဲ့ အခါကျတော့ တကယ်လို့ ပေါင်းဖြစ်တယ်။ ဒီအတိုင်းပဲပေးတယ် ဆိုလို့ရှိရင်တော့ ပါတီကြီး ကြံ့ခိုင်ရေးနဲ့ ကောင်းကောင်းယှဉ်နိုင်တဲ့ အနေအထားကို ကျနော်တို့ မြင်ရတယ်”လို့ ပြောပါတယ်။

ကရင်ပါတီတွေ ရှုံးနိမ့်တာနဲ့ ပတ်သက်ပြီး ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီကို DVB က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိပါဘူး။

နိုင်ငံရေးလေ့လာသူတယောက်က “ကျနော်တို့ ဒီဘက်ကအမြင်ကတော့ နိုင်ငံရေးမှာ ကရင်ပါတီတွေက မပူးပေါင်းဘဲနဲ့ ဒီလိုခွဲခြားပြီးတော့ ယှဉ်ပြိုင်နေမယ်ဆိုရင်တော့ တဖက်ပြိုင်ဘက်ကို နိုင်နိုင်ခြေနည်းတယ်။ ပြီးတော့ နောက်တခုက အားနည်းချက်က ဘာတွေရှိလည်းဆိုတော့ ကရင်နိုင်ငံရေးပါတီတွေ ဦးဆောင်တဲ့ ခေါင်းဆောင်တွေရဲ့ ကိုယ်ရည် ကိုယ်သွေးနဲ့ သူတို့ရဲ့ စိတ်နေသဘောထား။ ပါတီလမ်းစဉ်၊ ပါတီမူဝါဒ မတူတဲ့အပေါ်မှာ သူတို့မပူးပေါင်းနိုင်တဲ့အပေါ်မှာလည်း ပါတီကွဲတာလည်း ဖြစ်နိုင်သလို တဖက်က စစ်ကောင်စီရဲ့ အားပေးလှုံ့ဆော်မှု၊ စစ်ကောင်စီဘက်မှာ ရပ်တည်တဲ့ ကရင်လွှတ်တော်ကိုယ်စားလှယ်၊ ကရင်ပါတီတွေလည်း ရှိကောင်းရှိနိုင်တယ်။ တဖက်ကလည်း ပြိုင်ဘက် စစ်ကောင်စီရဲ့ ကျောထောက်နောက်ခံ အားပေးထားတဲ့ ပါတီတွေကြောင့်လည်း ဖြစ်ပါတယ်လို့ ကျနော်ကတော့ ဒီလိုပဲ ပြောချင်တယ်”လို့ ပြောပါတယ်။

ရွေးကောက်ပွဲ အပိုင်း ၂ ကိုတော့ ဇန်နဝါရီ ၁၁ ရက်မှာ လှိုင်းဘွဲနဲ့ ဖာပွန်မြို့နယ်မှာ ကျင်းပသွားမှာဖြစ်သလို  အပိုင်း ၃ ကို  ဇန်နဝါရီ ၂၅ ရက်နေ့ ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဆက်လက်ကျင်းပသွားမှာ ဖြစ်ပါတယ်။

ကရင်ပြည်နယ်အတွင်းက မဲဆန္ဒနယ် ၄ ခုမှာ  ကြံ့ခိုင်ရေးပါတီ၊ ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ပအိုဝ်းအမျိုးသားညီညွတ်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီတွေ ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို  ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။ 

အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013