
တရားမျှတမှုမရှိဘဲ တဖက်သတ်ဆန်ဆန် လုပ်ခဲ့တဲ့ ရေတာရှည်မြို့နယ် ကြိုတင်မဲကိစ္စကို လုံးဝလက်မခံကြောင်း ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူ) တောင်ငူခရိုင်ဥက္ကဋ္ဌက ပြောပါတယ်။
ကြိုတင်မဲ ၁,၅၈၃ မဲမှာ ကြံ့ခိုင်ရေးပါတီက ၁,၄၉၀ မဲရရှိပြီး ကျန်ပါတီတွေက ၂ မဲ ၃ မဲသာ ရရှိလို့ လက်မခံကြောင်းနဲ့ ကန့်ကွက်ကြောင်း ကျားဖြူပါတီ တောင်ငူခရိုင်ဥက္ကဋ္ဌ ဦးကျော်ကျော်စိုးက ဒီဇင်ဘာ ၂၆ ရက်က လူမှုကွန်ရက်မှာ live လွှင့် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
“တရားမျှတမှုမရှိဘဲ တဖက်သတ်ဆန်ဆန် လုပ်သွားတဲ့ ကြိုတင်မဲကိစ္စနဲ့ ပတ်သက်ပြီး လုံးဝ လုံးဝ လက်မခံကြောင်း ပြောလိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြိုတင်မဲ ဘယ်နေ့ကောက်ယူမယ် ဆိုတာကို ကျားဖြူပါတီကို အသိပေးထားတာ မရှိပါဘူး။ ၁,၅၈၃ မဲ ကြိုတင်မဲ ကောက်ယူတဲ့နေရာမှာ ကျားဖြူပါတီက ၂ မဲ ရရှိပါတယ်။ ကြံ့ခိုင်ရေးပါတီက ၁,၄၉၀ တိတိ ရရှိပါတယ်။ တစညဆို ၅ မဲ၊ ပြည်သူ့ပါတီ ၃ မဲ၊ တောင်သူလယ်သမား ၃ မဲ၊ UPUP ၃ မဲ အသီးသီးရရှိတဲ့ အနေအထားမှာ ကျားဖြူပါတီက ၂ မဲရပြီး အရှက်ကွဲခဲ့ရပါတယ်။ တရားမျှတမှုရှိရင် မျှတတဲ့ မဲအရေအတွက်တော့ ပါတီတိုင်း ရနိုင်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ အခု ကြိုတင်မဲကိစ္စမှာ တရားမျှတမှမရှိဘူးလို့ ကျနော်ကတော့ တရားဝင် ပြောလိုပါတယ်။”
ရေတာရှည်မြို့နယ်မှာ ကြိုတင်မဲကို စစ်ဘေးရှောင်၊ အချုပ်ထောင် ၄၇ ယောက်၊ ကျောင်းသား ၂၁ ယောက်၊ တပ်တွင်းမိသားစု ၁,၅၁၅ မဲ၊ စုစုပေါင်း ၁,၅၈၃ ယောက် ပေးခဲ့ပြီး ဒီဇင်ဘာ ၂၆ ရက်က ဖွင့်ဖောက် စစ်ဆေးခဲ့တာလို့ ပြည်သူ့ပါတီဝင်တယောက်က DVB ကို ပြောပါတယ်။
“ကြိုတင်မဲတောင် ဒီလောက်ဖြစ်နေတာ၊ ရွေးကောက်ပွဲကျရင် ဘယ်လိုဖြစ်ဦးမလဲမသိ၊ NLD ကို မဲခိုးတယ်လို့ စွပ်စွဲခဲ့တဲ့ ကြံ့ခိုင်ရေး၊ သူတို့အလှည့်ကျမှ ပိုဆိုးနေတယ်။”
စစ်အုပ်စုက ပြုလုပ်မဲ့ ရွေးကောက်ပွဲမှာ ရေတာရှည်မြို့နယ်မှာ ကြံ့ခိုင်ရေးပါတီ၊ ပြည်သူ့ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီတို့ ဝင်ပြိုင်မှာ ဖြစ်ပါတယ်။
ပါတီတွေကသာ ကြိုတင်မဲကိစ္စနဲ့ပတ်သက်ပြီး ပြဿနာတက်နေပေမဲ့ စစ်အုပ်စုက ကျင်းပမဲ့ ရွေးကောက်ပွဲကို လက်မခံကြောင်း ဒီဇင်ဘာ ၁၆ ရက်ကနေ ၁၈ ရက်အထိ ရေတာရှည်မြို့နယ် မြောက်ပိုင်းက ပြည်သူ ၅၀၀ ကျော် ဆန္ဒပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၀ ရေးကောက်ပွဲတုန်းကလည်း စစ်တပ်ပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီဟာ သန်းခေါင်ယံကြိုတင်မဲတွေနဲ့ မဲလိမ်မဲခိုးပြီး တိုင်းရင်းသားပါတီတွေကို အနိုင်ယူခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ကြေညာထားပါတယ်။


