
ကရင်ပြည်နယ်၊ မြဝတီမြို့မှာ အာဏာသိမ်း စစ်တပ်က ကျင်းပမဲ့ ရွေးကောက်ပွဲအကြို မြို့တွင်း မြို့ပြင် လုံခြုံရေးတင်းကျပ်ထားတဲ့ကြားက ဒီဇင်ဘာ ၂၇ ရက် မနေ့ညက ဒရုန်း ဗုံးတွေ ကျရောက် ပေါက်ကွဲခဲ့ပါတယ်။
မြဝတီမြို့၊ အမှတ် ၄ ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ ကြံ့ခိုင်ရေးပါတီရုံးအနီး ဒီဇင်ဘာ ၂၇ ရက် ည ၈ နာရီခွဲလောက်က ဒရုန်းဗုံးကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြဝတီမြို့ခံတွေက ပြောပါတယ်။
ဒါအပြင် ည ၉ နာရီခွဲလောက်က မြဝတီရဲစခန်းနဲ့ ရှေ့တန်ရုံး နေရာအနီး ဒရုန်းဗုံးကျရောက် ပေါက်ကွဲခဲ့ပါတယ်။
ဒါအပြင် ည ၁၀ နာရီလောက်က ကုန်မြင့်သာယာဈေးနဲ့ ရပ်တော်မူကျောင်းရှေ့ မဲရုံပြုလုပ်မဲ့ ဆရာစံပု အလယ်တန်းကျောင်းရှေ့ကို ဒရုန်းဗုံး ၁ လုံးကျရောက်ပြီး ထပ်မံ ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
မြဝတီမြို့ခံတယောက်က ” ဒရုန်းဗုံးကျတာလို့တော့ ပြောတယ်။ အသံက တော်တော်ကျယ်ကျယ်တယ်။ လူထိခိုက်တာတော့ သေချာ မသိရသေးဘူး။ အနီးအနားက နေအိမ်တွေ၊ ကားတွေနဲ့ ဆိုင်ခန်းတွေ ထိခိုက်ပျက်စီးတာတော့ ရှိတယ်”လို့ ပြောပါတယ်။
ကြံ့ခိုင်ရေးပါတီရုံးအနီး ဒရုန်းဗုံး ကျရောက်ပေါက်ကွဲမှုအတွင်း ဒေါ်ညွန့်ရီစတိုးနားက ဆောက်လုပ်ရေးလုပ်ငန်းခွင်က အမျိုးသမီး ၁ ယောက် ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။
မြဝတီမြို့မှာ ကျင်းပမဲ့ ရွေးကောက်ပွဲအကြို အတွင်းစည်း၊ အပြင်စည်း၊ ပတ်ကင်း ထောက်ကင်းတွေနဲ့ စစ်တပ်၊ ရဲတပ်ဖွဲ့၊ ကရင်နယ်ခြားစောင့်တပ်(BGF)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA၊PC)၊ ပျူစောထီးတွေနဲ့ လုံခြုံရေး အပြည့်အဝယူပေးထားတဲ့ကြားက အခုလို့ ဒရုန်းဗုံးကျရောက် ပေါက်ကွဲခဲ့တာပါ။
အာဏာသိမ်းစစ်တပ်က ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ရွေးကောက်ပွဲ အပိုင်း ၁ ကို ကရင်ပြည်နယ်မှာ ဘားအံ၊ မြဝတီနဲ့ သံတောင်ကြီး မြို့နယ် ၃ ခုမှာ ကျင်းပမှာဖြစ်ပြီး ရွေးကောက်ပွဲကာလအတွင်း မြို့လုံခြုံရေးတွေကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။


