မနက်ဖြန် ဒီဇင်ဘာ ၂၈ ရက်မှာလုပ်မဲ့ စစ်အုပ်စုရဲ့ရွေးကောက်ပွဲကို ရန်ကုန်က ပြည်သူတွေအနေနဲ့ စိတ်ဝင်စားမှု မရှိသလောက်ဖြစ်နေပြီး မဲပေးဖို့တောင် တွန့်ဆုတ်နေကြတဲ့ အခြေအနေဖြစ်ပါတယ်။


ရန်ကုန်မြို့က အငှားယာဉ်မောင်းတယောက်က “ရပ်ကွက်ထဲမှာလည်း ဘယ်သူမှ စိတ်မဝင်စားဘူး။ ကျနော်လည်း မဲစာရင်းပါ၊ မပါတောင်မသိဘူး။ စိတ်လည်းမဝင်စားဘူး” လို့ ပြောပါတယ်။

ဒီရွေးကောက်ပွဲမှာ စစ်တပ်နဲ့ ပလဲပနံသင့်တဲ့ နာမည်ကျော်ကြားသူတချို့လည်း ဝင်အရွေးခံဖို့ ရှိနေပေမဲ့ ပြည်သူအများစုကတော့ ကိုယ့်ရဲ့မြို့နယ်မှာ ဘယ်သူတွေ ဝင်ပြိုင်မယ်ဆိုတာကိုတောင် မသိသလောက် စိတ်ဝင်စားမှုနည်းနေတာပါ။

ဒါပေမဲ့ စစ်အုပ်စုက ဒေသတချို့မှာ ဖိအားပေးမဲပေးခိုင်းတာတွေ ရှိနေသလို ပြည်သူလူထုအနေနဲ့လည်း အကြောက်တရားတွေ ရှိနေတာကိုတွေ့ရပါတယ်။
ရန်ကုန်၊ မန္တလေးလို မြို့ကြီးတချို့မှာတော့ ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ ပြင်ဆင်တာတွေရှိနေသလို အတိုက်အခံအင်အားစုတွေကလည်း ပြည်သူတွေအနေနဲ့ ဒီရွေးကောက်ပွဲမှာ မပူးပေါင်း မပါဝင်ကြဖို့ နှိုးဆော်ထားပါတယ်။

မနက်ဖြန်လုပ်မဲ့ ရွေးကောက်ပွဲ အပိုင်း ၁ မှာ ပါဝင်တဲ့ ရန်ကုန်အနောက်ပိုင်းခရိုင်နေ ပြည်သူတယောက်က “ညီမတို့မြို့နယ်မှာ ဘယ်သူတွေ ဝင်ပြိုင်မယ်ဆိုတာတောင် မသိပါဘူး။ အခုထိလည်း မဲပေးမယ် မပေးဘူး မစဉ်းစားရသေးဘူး။ ဆုံးလည်း မဆုံးဖြတ်ရသေးဘူး” လို့ DVB ကို ပြောပါတယ်။
စစ်အုပ်စုကတော့ ဒီရွေးကောက်ပွဲကနေ အနိုင်ရပါတီကို အာဏာလွှဲပေးမယ်လို့ ပြောထားပေမဲ့ ကျန်ပါတီတွေ မဲအများစုရခဲ့ရင်တောင် စစ်အုပ်စုနဲ့အပေါင်းအပါတွေ အစိုးရဖွဲ့လို့ရမဲ့ အခြေအနေမျိုး ရှိနေတာဖြစ်ပါတယ်။
ရွေးကောက်ပွဲကို သံရုံးတချို့နဲ့ ပြည်ပမီဒီယာတချို့ လာရောက်စောင့်ကြည့်လေ့လာဖို့ရှိနေသလို ပြည်တွင်းကမီဒီယာတွေကိုလည်း သတင်းယူခွင့်ပေးထားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ - ရွေးကောက်ပွဲလုပ်ရန် နာရီပိုင်းအလို ရန်ကုန်မြို့တွင်းမြင်ကွင်း









