Home
ဆောင်းပါး
နိုင်ငံရေးထွက်ပေါက်လား၊ နိုင်ငံရေးပြဇာတ်လား
DVB
·
December 27, 2025
Photo: GSCB

ဘာလိုလိုနဲ့ ဒီဇင်ဘာ ၂၈ ရက် မနက်ဖန် တနင်္ဂနွေနေ့မှာပဲ အာဏာသိမ်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကျင်းပတော့မှာပါ။ ၂၀၂၀ ကိုဗစ်ရောဂါ ကယ်ဘေးဖြစ်နေတုန်းက ကိုယ်ဝန်ဆောင်မိခင်တွေကအစ အားတက်သရော၊ တက်တက်ကြွကြွ မဲသွားပေးကြတဲ့ မြင်ကွင်းတွေကလည်း မနေ့တနေ့ကလိုပါပဲ။ 

တကယ်တော့ “ရွေးကောက်ပွဲ” ဆိုတဲ့စကားလုံးက မြန်မာပြည်သူတွေနဲ့တော့ မစိမ်းလှပါဘူး။ ဒါပေမဲ့ “ရွေးကောက်ပွဲ” ဆိုတဲ့ စကားလုံးကို ကြားလိုက်ရင် မဲရုံတွေ၊ မဲပုံးတွေ၊ မဲလက်မှတ်တွေနဲ့ မဲပေးဖို့ တန်းစီနေတဲ့ လူတန်းကြီးကိုပဲ ပြေးမြင်မိကြမှာပါ။ တကယ်တော့ ခေတ်သစ် နိုင်ငံရေးသိပ္ပံ သဘောတရားအရ ရွေးကောက်ပွဲဆိုတာ အဲဒီလို ရုပ်ပိုင်းဆိုင်ရာ မြင်ကွင်းတွေထက် အများကြီး ပိုကျယ်ပြန့်ပါတယ်။ ဒါဟာ ပြည်သူလူထုက မိမိတို့ ပိုင်ဆိုင်တဲ့ အချုပ်အခြာ အာဏာကို ကိုယ်စားလှယ်တွေဆီ တရားဝင် လွှဲပြောင်းပေးလိုက်တဲ့ အဓိက လမ်းကြောင်းကြီး တခုပဲဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ရဲ့ အသက်သွေးကြောလို့ တင်စားခေါ်ဝေါ်ကြတဲ့ ရွေးကောက်ပွဲတွေဟာ နိုင်ငံသားတွေရဲ့ နိုင်ငံရေး ဆန္ဒထုတ်ဖော်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကို လက်တွေ့အကောင်အထည်ဖော်တဲ့ နိုင်ငံရေး ဖြစ်စဉ်ကြီးတခုလည်း ဖြစ်ပါတယ်။

ရွေးကောက်ပွဲ သမိုင်းကြောင်း

ရွေးကောက်ပွဲဆိုတာ မနေ့တနေ့ကမှ ပေါ်လာတာ မဟုတ်ပါဘူး။ လူသားတွေ စုဖွဲ့နေထိုင်တတ်လာကတည်းက ခေါင်းဆောင်တင်မြှောက်ဖို့ ကြိုးစားခဲ့ကြရာကနေ တဖြည်းဖြည်း တိုးတက်ပြောင်းလဲလာခဲ့တာဖြစ်ပါတယ်။ ရှေးဟောင်း ဂရိနဲ့ ရောမ ယဉ်ကျေးမှုတွေကတည်းက ရွေးကောက်ပွဲရဲ့ သဘောတရားတွေကို စတင်တွေ့ရှိနေရပါပြီ။

စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ ရှေးဟောင်း အေသင်မြို့ပြနိုင်ငံရဲ့ နိုင်ငံရေး စနစ်ပါပဲ။ ဘီစီ ၅ ရာစုနဲ့ ၄ ရာစုလောက်မှာ အေသင်သားတွေဟာ “တိုက်ရိုက် ဒီမိုကရေစီ” (Direct Democracy) စနစ်ကို ကျင့်သုံးခဲ့ကြတယ်။ ထူးခြားတာက သူတို့ဟာ နိုင်ငံရေး ခေါင်းဆောင်တွေကို ရွေးချယ်တဲ့အခါ ကျနော်တို့ အခုခေတ် လုပ်သလို မဲပေး ရွေးချယ်တာ (Election) ထက် “မဲနှိုက် ရွေးချယ်” တဲ့ စနစ်ကို ပိုပြီး ဦးစားပေးခဲ့ကြတာပါပဲ။ အကြောင်းကတော့ အေသင် နိုင်ငံရေး ဒဿနအရ ရွေးကောက်ပွဲ (Election) ဆိုတာဟာ လူချမ်းသာတွေ၊ ဂုဏ်သရေရှိ လူတန်းစားတွေ (Aristocrats) အတွက်အခွင့်အရေးသာစေခဲ့တာမို့ပါပဲ။ ဒါကြောင့် မဲနှိုက်ရွေးချယ်ခြင်းကသာ နိုင်ငံသားတိုင်း၊ ဆင်းရဲချမ်းသာမရွေး တန်းတူညီမျှ ပါဝင်ခွင့်ရစေတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ နည်းလမ်းလို့ ယုံကြည်ခဲ့ကြတယ်။ ဒါပေမဲ့ စစ်ဘက်ဆိုင်ရာ ဗိုလ်ချုပ်တွေ လိုမျိုး ကျွမ်းကျင်မှု လိုအပ်တဲ့ နေရာတွေအတွက်ကိုတော့ ပြည်သူ့လွှတ်တော်မှာ လက်ထောင်ပြီး မဲပေး ရွေးချယ်လေ့ ရှိကြပါတယ်။

စပါတာ (Sparta) နိုင်ငံမှာကျတော့ ဘီစီ ၇၅၄ ခန့်ကတည်းက အုပ်ချုပ်ရေးမှူးတွေ (Ephors) ကို ရွေးကောက်ပွဲနဲ့ တင်မြှောက်ခဲ့ပါတယ်။ သူတို့ရဲ့ ရွေးကောက်ပွဲ စနစ်က တော်တော်လေး ဆန်းတယ်ဆိုရမှာပါ။ ကိုယ်စားလှယ်လောင်း တဦးချင်းစီအတွက် လူထုစည်းဝေးပွဲကြီးမှာ ပရိသတ်က ဘယ်လောက်ကျယ်ကျယ် အော်ဟစ်အားပေးသလဲ (Shouting) ဆိုတဲ့ အသံပမာဏကို အကဲဖြတ်ဒိုင်တွေက နားထောင်ပြီး အဆုံးအဖြတ်ပေးရတဲ့ စနစ်ပါ။ အခုခေတ် အမြင်နဲ့ ကြည့်ရင်တော့ နည်းနည်း ရိုင်းစိုင်းတယ်၊ ရယ်စရာ ကောင်းတယ်လို့ ထင်ရပေမဲ့ ဒါဟာ သမိုင်းမှာ ရှေးအကျဆုံး ရွေးကောက်ပွဲ ပုံစံတခု ဖြစ်ခဲ့ပါတယ်။

ရောမ သမ္မတနိုင်ငံခေတ်ရောက်တော့ ရွေးကောက်ပွဲစနစ်က ပိုပြီး စနစ်တကျ ရှိလာပါတယ်။ ရောမတို့က နိုင်ငံသားတွေကို လူမျိုးစုတွေ၊ စစ်ဘက်ဆိုင်ရာ အဆင့်အတန်းတွေ ခွဲခြားပြီး မဲပေးစေခဲ့ပါတယ်။ ရောမတို့ရဲ့ အရေးအပါဆုံး တီထွင်မှု တခုကတော့ “လျှို့ဝှက်မဲပေးခြင်း” စနစ်ကို စတင် မိတ်ဆက်ခဲ့တာပါပဲ။ ဘီစီ ၁၃၉ ခုနှစ်မှာ Lex Gabinia Tabellaria ဆိုတဲ့ ဥပဒေနဲ့ လျှို့ဝှက်မဲပေးခြင်းကို စတင်ခွင့်ပြုခဲ့ပြီး၊ မဲဆန္ဒရှင်တွေက ဖယောင်းသုတ်ထားတဲ့ သစ်သားပြားလေးတွေပေါ်မှာ ရေးသားပြီး မဲပေးခဲ့ကြပါတယ်။ ဒါဟာ ဒီနေ့ခေတ် ဒီမိုကရေစီစံနှုန်းတွေရဲ့ အခြေခံအုတ်မြစ်လို့ ပြောလို့ရပါတယ်။

အလယ်ခေတ် ဥရောပမှာတော့ ရွေးကောက်ပွဲတွေကို ပုပ်ရဟန်းမင်းကြီး ရွေးတာလောက်မှာပဲ သုံးခဲ့ကြပါတယ်။ ခေတ်သစ် ရွေးကောက်ပွဲတွေရဲ့ တကယ့်ဇာစ်မြစ်ကတော့ ၁၇ ရာစုလောက်မှာ ပေါ်ထွန်းလာတဲ့ နိုင်ငံရေး ဒဿနတွေနဲ့ ဆက်စပ်နေပါတယ်။ ဂျွန်လော့ခ်နဲ့ ရူးဆိုးတို့လို ဒဿနပညာရှင်တွေက “အစိုးရတရပ်ရဲ့ အာဏာဆိုတာ ဘုရားသခင် ပေးသနားတော်မူတာ (Divine Right of Kings) မဟုတ်၊ အုပ်ချုပ်ခံရသူ ပြည်သူတွေရဲ့ သဘောတူညီချက် (Consent of the Governed) ကနေ ဆင်းသက်လာရမယ်” လို့ ဟောပြော၊ ရေးသားခဲ့ကြတယ်။ ဒီအတွေးအခေါ်တွေကနေ အမေရိကန်တော်လှန်ရေး၊ ပြင်သစ်တော်လှန်ရေးတွေ ဖြစ်ပေါ်လာပြီး “နိုင်ငံသားတိုင်း တန်းတူညီမျှသည်” ဆိုတဲ့ ကြွေးကြော်သံတွေနဲ့အတူ ရွေးကောက်ပွဲလမ်းကြောင်း ပွင့်လာခဲ့တာပါ။

ဒါပေမဲ့ အစပိုင်းမှာတော့ မဲပေးပိုင်ခွင့်ကို အမျိုးသားတွေ၊ အထူးသဖြင့် ပိုင်ဆိုင်မှုရှိတဲ့ လူချမ်းသာတွေအတွက်သာ ကန့်သတ်ထားခဲ့ပါတယ်။ ၁၉ ရာစုနဲ့ ၂၀ ရာစု အစောပိုင်း ကာလတွေကတော့ မဲပေးပိုင်ခွင့် တောင်းဆိုမှု တိုက်ပွဲတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ ဗြိတိန်မှာ ၁၈၃၂ ခုနှစ် ပြုပြင်ပြောင်းလဲရေး အက်ဥပဒေနဲ့ မဲပေးပိုင်ခွင့် ချဲ့ထွင်ခဲ့ပေမဲ့၊ ၁၉၂၀ ဝန်းကျင် ရောက်မှသာ အနောက်နိုင်ငံ အများစုမှာ အရွယ်ရောက်ပြီး အမျိုးသားအားလုံး မဲပေးပိုင်ခွင့် ရခဲ့ကြတာပါ။ အမျိုးသမီး မဲပေးပိုင်ခွင့်ကတော့ ပိုနောက်ကျပါတယ်။ ဗြိတိန်မှာ ၁၉၂၈၊ ပြင်သစ်မှာ ၁၉၄၄၊ ဆွစ်ဇာလန်မှာဆိုရင် ၁၉၇၁ ခုနှစ် ရောက်မှသာ အမျိုးသမီးတွေ မဲပေးခွင့် ရရှိခဲ့ကြတာပါ။

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ သမိုင်းကြောင်း ဖြတ်သန်းမှု 

ကမ္ဘာ့သမိုင်းကနေ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ သမိုင်းကြောင်းကို လျှပ်တပြက် ကြည့်လိုက်မယ်ဆိုရင် ကျနော်တို့နိုင်ငံရဲ့ ရွေးကောက်ပွဲ သမိုင်းဟာ ကိုလိုနီခေတ်၊ ပါလီမန်ခေတ်၊ စစ်အာဏာရှင်ခေတ်နဲ့ အသွင်ကူးပြောင်းရေး ကာလဆိုပြီး ခေတ်ကြီး ၄ ခေတ်ကို ဖြတ်သန်းခဲ့ရ‌တာကို တွေ့ရှိရမှာဖြစ်ပါတယ်။

(က) ကိုလိုနီခေတ် ရွေးကောက်ပွဲများ (၁၉၂၂ - ၁၉၃၆)

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ စနစ်ကို ဗြိတိသျှ ကိုလိုနီ လက်အောက် ၁၉၂၃ ခုနှစ် “ဒိုင်အာခီ” (Dyarchy) အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုနဲ့အတူ စတင် မိတ်ဆက်ခဲ့ပါတယ်။

၁၉၂၂ ရွေးကောက်ပွဲ မြန်မာ့သမိုင်းရဲ့ ပထမဆုံးသော ရွေးကောက်ပွဲလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ မြန်မာအသင်းချုပ်ကြီး (GCBA) က ဒိုင်အာခီ စနစ်ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အစစ်အမှန် မပေးဘဲ ဟန်ပြ သက်သက်သာ ဖြစ်တယ်ဆိုပြီး သပိတ်မှောက်ခဲ့ကြတာကြောင့် မဲပေးသူ ဦးရေဟာ ၆ ဒသမ ၉ ရာခိုင်နှုန်းပဲ ရှိခဲ့ပါတယ်။

၁၉၂၅၊ ၁၉၂၈၊ ၁၉၃၂ ရွေးကောက်ပွဲများ

၁၉၂၅ မှာ GCBA အတွင်း သဘောထားကွဲပြီး ၂၁ ဦးအဖွဲ့ ဝင်ပြိုင်ခဲ့လို့ မဲပေးသူ ၁၆ ရာခိုင်နှုန်းအထိ တိုးလာခဲ့တယ်။ ၁၉၃၂ ရွေးကောက်ပွဲမှာတော့ အိန္ဒိယနဲ့ ခွဲရေး/တွဲရေး ပြဿနာက အဓိက မဲဆွယ်စရာ ဖြစ်ခဲ့ပါတယ်။

၁၉၃၆ ရွေးကောက်ပွဲ

၉၁ ဌာန အုပ်ချုပ်ရေး စတင်ချိန်မှာ ကျင်းပခဲ့တာပါ။ ဒေါက်တာဘမော် ဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရ ပေါ်ပေါက်လာပြီး ကိုလိုနီခေတ် နိုင်ငံရေးလှုပ်ရှားမှု အထွတ်အထိပ် ရောက်ခဲ့တဲ့ ကာလလို့ ပြောလို့ ရပါတယ်။

(ခ) လွတ်လပ်ရေး ရပြီးခေတ် ပါလီမန် ဒီမိုကရေစီ (၁၉၄၇ - ၁၉၆၀)

၁၉၄၇ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲ

ဒီရွေးကောက်ပွဲကိုတော့ လွတ်လပ်ရေးမရခင် ဧပြီလမှာ ကျင်းပခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဖဆပလ အဖွဲ့ချုပ်က မဲဆန္ဒနယ် ၂၁၀ မှာ ၁၇၃ နေရာ အနိုင်ရပြီး အပြတ်အသတ် အောင်ပွဲခံခဲ့ပါတယ်။ ဒီရလဒ်နဲ့ ၁၉၄၇ ဖွဲ့စည်းပုံကို ရေးဆွဲခဲ့တာဖြစ်ပါတယ်။

၁၉၅၁-၅၂၊ ၁၉၅၆ နှင့် ၁၉၆၀ ရွေးကောက်ပွဲများ 

ပြည်တွင်းစစ်ကြောင့် ၁၉၅၁-၅၂ ရွေးကောက်ပွဲကို လပေါင်းများစွာ ကြာအောင် အပိုင်းလိုက် ခွဲလုပ်ခဲ့ရဖူးပါတယ်။ ၁၉၆၀ ရွေးကောက်ပွဲကတော့ စစ်တပ်က အိမ်စောင့်အစိုးရအဖြစ် အာဏာယူပြီးမှ ပြန်လုပ်ပေးခဲ့တာပါ။ ဦးနုရဲ့ သန့်ရှင်းဖဆပလ (ပထစ) နဲ့ ဦးကျော်ငြိမ်းတို့ရဲ့ တည်မြဲဖဆပလတို့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပြီး ဦးနု အနိုင်ရခဲ့ပါတယ်။ ဒါဟာ ၁၉၆၂ စစ်အာဏာသိမ်းမှု မတိုင်မီ နောက်ဆုံး ကျင်းပခဲ့တဲ့ ဒီမိုကရေစီ ရွေးကောက်ပွဲပါပဲ။

(ဂ) စစ်အာဏာရှင်ခေတ်နှင့် အသွင်ကူးပြောင်းရေးကာလ (၁၉၉၀ - ၂၀၂၀)

၁၉၆၂ ကနေ ၂၀၁၀ အထိ စစ်အာဏာရှင်စနစ်အောက်မှာ နှစ်ပေါင်းများစွာ နေခဲ့ရပါတယ်။ ၁၉၇၄ ဖွဲ့စည်းပုံအရ တပါတီ ရွေးကောက်ပွဲတွေ ရှိခဲ့ပေမယ့် ဒီမိုကရေစီ မဟုတ်ခဲ့ပါဘူး။

၁၉၉၀ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ

၈၈ အရေးတော်ပုံကြီးအပြီးမှာ နဝတ စစ်အစိုးရ ကျင်းပပေးခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့ပေမဲ့ အဲဒီအချိန် စစ်အုပ်စုက ရလဒ်ကို အသိအမှတ်မပြုဘဲ အာဏာလွှဲဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒါဟာ မြန်မာ့နိုင်ငံရေး သမိုင်းမှာ အကြီးမားဆုံး သစ္စာဖောက်ဖျက်မှုကြီး တခုအဖြစ်လည်း သမိုင်းဝင်ခဲ့ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ 

ဒီရွေးကောက်ပွဲကိုတော့ NLD က ဝင်မပြိုင်ဘဲ သပိတ်မှောက်ခဲ့ပါတယ်။ ကြိုတင်မဲမသမာမှုတွေနဲ့ “လွတ်လပ်မှုနဲ့ တရားမျှတမှု မရှိတဲ့” ရွေးကောက်ပွဲအဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပါတယ်။ စစ်တပ် ကျောထောက်နောက်ခံ USDP ပါတီပဲ အနိုင်ရခဲ့ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ

သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေး ကာလအပြီးမှာ ကျင်းပခဲ့ပါတယ်။ NLD ပါတီ ဝင်ပြိုင်ပြီး ၅၉ နှစ်အတွင်း ပထမဆုံးသော အရပ်သား အစိုးရကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ နိုင်ငံတကာကလည်း ဒါကို ယုံကြည်လက်ခံဖွယ်ရှိတဲ့ ရွေးကောက်ပွဲ (Credible Election) အဖြစ် အသိအမှတ်ပြုခဲ့ကြပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီကပဲ ၂၀၁၅ ရလဒ်ထက် သာလွန်ပြီး ၈၃ ရာခိုင်နှုန်းကျော်နဲ့ အနိုင်ရခဲ့ပါတယ်။ ပြည်တွင်းပြည်ပ လေ့လာသူတွေက ရလဒ် မှန်ကန်ကြောင်း အတည်ပြုခဲ့ပေမဲ့ စစ်တပ်က မဲစာရင်း မှားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းယူခဲ့ပါတယ်။

စစ်ကောင်စီ ၏ ၂၀၂၅/၂၀၂၆ ရွေးကောက်ပွဲ 

အခု လက်ရှိ စစ်ကောင်စီက သူတို့ရဲ့ အုပ်ချုပ်မှုကို တရားဝင် ဖြစ်စေဖို့ (Legitimacy) အတွက် ရွေးကောက်ပွဲတခု ကျင်းပဖို့ ကြိုးစားနေပါတယ်။ ၂၀၂၅ ခုနှစ် နှစ်ကုန် ဒီဇင်ဘာ ၂၈ ရက်မှာ  ရွေးကောက်ပွဲ ပထမပိုင်း၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်မှာ ဒုတိယပိုင်းနဲ့ ဇန်နဝါရီ ၂၅ ရက်မှာ တတိယပိုင်းဆိုပြီး  အပိုင်း ၃ ပိုင်းနဲ့ကျင်းပဖို့ ပြင်ဆင်နေပါပြီ။ ဒီတော့ ဒီရွေးကောက်ပွဲက ဘာတွေထူးခြားနေသလဲ၊ တကယ့်ရွေးကောက်ပွဲ ဟုတ်ရဲ့လားဆိုတာကို ဆန်းစစ်ကြည်ဖို့ လိုပါတယ်။

၁။ ရွေးကောက်ပွဲစနစ် အပြောင်းအလဲနှင့် မဲဆန္ဒနယ် ကစားကွက်

စစ်ကောင်စီ လက်ကိုင်တုတ် UEC က ထုတ်ပြန်တဲ့ အမိန့်ကြော်ငြာစာတွေအရ ယခင် ကျင့်သုံးခဲ့တဲ့ နိုင်သူအကုန်ယူစနစ် (FPTP) ကို တစိတ်တပိုင်း ဖျက်သိမ်းပြီး၊ အချိုးကျ ကိုယ်စားပြုစနစ် (PR) နဲ့ ရောနှောထားတဲ့ “Mixed Electoral System” ကို ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။ 

ပြည်သူ့လွှတ်တော်

ဒီလွှတ်တော်အတွက်ကိုတော့ ယခင်စနစ်ဟောင်း FPTP အတိုင်းပဲ ထားရှိပါတယ်။ မြို့နယ် ၃၃၀ ကို မဲဆန္ဒနယ်တခုစီ သတ်မှတ်ပြီး နိုင်တဲ့သူ အကုန်ယူမှာပါ။

အမျိုးသားလွှတ်တော်

ဒီနေရာမှာ စနစ်ပြောင်းထားပါတယ်။ စုစုပေါင်း ၁၁၀ နေရာမှာ FPTP စနစ်နဲ့ ၈၄ နေရာ ရွေးမယ်၊ ကျန်တဲ့ ၂၆ နေရာကိုတော့ PR စနစ် နဲ့ ရွေးမယ်လို့ ဆိုပါတယ်။

တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်များ

ဒီလွှတ်တော်တွေမှာတော့ စုစုပေါင်း ၃၆၄ နေရာရှိတဲ့အနက် ၃၂၂ နေရာကို FPTP နဲ့ ရွေးပြီး၊ ၄၂ နေရာကို PR စနစ် နဲ့ ရွေးချယ်သွားမယ်လို့ စီစဉ်ထားပါတယ်။

အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော်တွေမှာ PR စနစ် ထည့်သွင်းလိုက်တာက လူထုထောက်ခံမှု နည်းပါးတဲ့ သူတို့ရဲ့ မဟာမိတ်ပါတီတွေကို နောက်ပေါက်ကနေ လွှတ်တော်ထဲ ဆွဲခေါ်ဖို့ ကြိုးစားတာပါပဲ။ ၂၀၀၈ ဖွဲ့စည်းပုံအရ စစ်တပ်က ၂၅ ရာခိုင်နှုန်း အလိုအလျောက် ရပြီးသားဆိုတော့၊ ကျန်တဲ့ ရွေးကောက်ခံ ၇၅ ရာခိုင်နှုန်း ထဲက အနည်းငယ်လောက် ထပ်ရရုံနဲ့ အစိုးရဖွဲ့နိုင်မယ့် အခင်းအကျင်းကို ဖန်တီးလိုက်တာ ဖြစ်ပါတယ်။

၂။ အပိုင်းလိုက်ခွဲကျင်းပမှုနဲ့ နည်းပညာ အသုံးပြုမှု

နောက်ထပ် ထူးခြားတာကတော့ လုံခြုံရေး အခြေအနေကြောင့် ရွေးကောက်ပွဲကို တပြိုင်နက်တည်း မလုပ်နိုင်ဘဲ အပိုင်း ၃ ပိုင်း ခွဲပြီး လုပ်မယ်လို့ ကြေညာထားတာပါပဲ။

အပိုင်း  ၁ (၂၀၂၅ ဒီဇင်ဘာ ၂၈) 

ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီး ၁၀၂ မြို့နယ်မှာ စတင် ကျင်းပပါမယ်။ ဒီမြို့ကြီးတွေက စစ်ကောင်စီ လုံခြုံရေး ထိန်းချုပ်နိုင်တဲ့ နေရာတွေဖြစ်လို့ ဦးစားပေး လုပ်တာဖြစ်ပါတယ်။

အပိုင်း  ၂ (၂၀၂၆ ဇန်နဝါရီ ၁၁) 

နောက်ထပ် မြို့နယ် ၁၀၀ မှာ ဆက်လုပ်ပါမယ်။

အပိုင်း  ၃ (၂၀၂၆ ဇန်နဝါရီ ၂၅ ) 

ကျန်ရှိတဲ့ မြို့နယ် ၆၃  မြို့နယ်မှာ နောက်ဆုံး ကျင်းပပါမယ်။

မကျင်းပနိုင်သော နေရာများ 

စစ်ကောင်စီ ကိုယ်တိုင် ဝန်ခံထားရတာကတော့ ချင်းပြည်နယ် (ပလက်ဝ)၊ ရှမ်းမြောက် (ကွတ်ခိုင်)၊ ကယား (မယ်စဲ့) အပါအဝင် မြို့နယ်ပေါင်းအနည်းဆုံး ၅၆ မြို့နယ်မှာ လုံးဝ ရွေးကောက်ပွဲလုပ်နိုင်မှာ မဟုတ်ပါဘူး။ တကယ်တမ်း မြေပြင်အခြေအနေမှာ ဒီထက်မက ပိုများနိုင်ပါတယ်။

နည်းပညာ အန္တရာယ် 

မဲပေးရာမှာ MEVM (Myanmar Electronic Voting Machines) စက်တွေကို သုံးမယ်လို့ ဆိုပါတယ်။ စက္ကူမဲလက်မှတ် မဟုတ်တော့တဲ့အတွက် “ခြေရာခံခြင်း” (Tracking) လုပ်နိုင်သလို၊ ဗဟိုကနေ ရလဒ်တွေကို စိတ်ကြိုက် ပြုပြင်နိုင်တဲ့ အန္တရာယ် (Digital Manipulation) ရှိနေကြောင်း အိုင်တီ ပညာရှင်တွေက သတိပေးထားပါတယ်။

၃။ ဥပဒေဘောင်နှင့် ဖိနှိပ်မှုများ

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ (၂၀၂၃) ကြောင့် NLD နဲ့ SNLD အပါအဝင် ပါတီပေါင်း ၄၀ ကျော် ဖျက်သိမ်းခံလိုက်ရပါပြီ။ ဒါ့အပြင် ၂၀၂၅ ခုနှစ် ဇူလိုင် ၂၉ ရက်မှာ “ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ”ကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီဥပဒေဟာ အလွန်ကြောက်စရာ ကောင်းပါတယ်။

ရွေးကောက်ပွဲကို ဝေဖန်တာ၊ သပိတ်မှောက်ဖို့ လှုံ့ဆော်တာ၊ မဲမပေးဖို့ ပြောတာ၊ ဒီလို လုပ်ရပ်တွေကို ထောင်ဒဏ် ၃ နှစ်ကနေ သေဒဏ်အထိ ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါဟာ “လွတ်လပ်စွာ ပြောဆိုခွင့်” ကို ပါးစပ်ပိတ်လိုက်ရုံသာမက၊ ပြည်သူကို ဓားမိုးပြီး မဲရုံပို့မဲ့ သဘော သက်ရောက်နေပါတယ်။

 နိုင်ငံတကာ စံနှုန်းများ

“ရွေးကောက်ပွဲလုပ်တိုင်း ဒီမိုကရေစီ မဟုတ်ဘူး” ဆိုတဲ့ စကားကို မကြာခဏ ကြားဖူးကြမှာပါ။ ကုလသမဂ္ဂ (UN) နဲ့ နိုင်ငံတကာ ပါလီမန်များ အဖွဲ့ချုပ် (IPU) တို့က သတ်မှတ်ထားတဲ့ “လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ” (Free and Fair Election) တခုရဲ့ စံနှုန်းတွေနဲ့ လက်ရှိ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို တချက်ချင်းစီ ချိန်ထိုး ကြည့်လိုက်မယ်ဆိုရင်...

စံနှုန်း (၁) - လွတ်လပ်မှု (Free)

ဒီမိုကရေစီ စံနှုန်း

မဲဆန္ဒရှင်တွေဟာ ဘယ်သူ့ကို မဲပေးရမယ်ဆိုပြီး ပြင်ပဖိအား၊ ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှုတွေ မရှိဘဲ လွတ်လပ်စွာ ဆုံးဖြတ်ခွင့် ရှိရမယ်။ ပါတီတွေကလည်း လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့် ရှိရမယ်။

စစ်ကောင်စီနှင့် ချိန်ထိုးချက်

လက်ရှိ မြန်မာနိုင်ငံမှာ နိုင်ငံရေး ခေါင်းဆောင်တွေ (ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် အပါအဝင်) ထောင်သွင်း အကျဉ်းချခံထားရပါတယ်။ ပြည်သူတွေဟာ စစ်တပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကို နေ့စဉ် ကြုံတွေ့နေရတယ်။ “ရွေးကောက်ပွဲ ကာကွယ်တားဆီးရေး ဥပဒေ” ကြောင့် ရွေးကောက်ပွဲကို ဝေဖန်ရုံ၊ မဲမပေးဘဲ နေရုံနဲ့တောင် ထောင်ကျနိုင်၊ သေဒဏ်ထိ ပေးနိုင်တဲ့ အခြေအနေမှာ “လွတ်လပ်မှု” ဆိုတာ လုံးဝ မရှိနိုင်ပါဘူး။ ဒါဟာ သေနတ်ပြပြီး မဲထည့်ခိုင်းတာနဲ့ အတူတူပါပဲ။

စံနှုန်း (၂) - တရားမျှတမှု (Fair)

ဒီမိုကရေစီ စံနှုန်း

ပြိုင်ဆိုင်တဲ့ ပါတီတွေနဲ့ ကိုယ်စားလှယ်လောင်း အားလုံးအတွက် တန်းတူညီမျှ ယှဉ်ပြိုင်နိုင်တဲ့ အခင်းအကျင်း ရှိရပါမယ်။ ဒိုင်လူကြီး လုပ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) က ဘက်လိုက်မှု ကင်းရှင်းရမယ်။

စစ်ကောင်စီနှင့် ချိန်ထိုးချက် 

အဓိက ပါတီကြီး (NLD) ကို ဖျက်သိမ်းထားပြီး၊ စစ်တပ်ပါတီ (USDP) ကိုသာ အခွင့်အရေး ပေးထားတာက ဘောလုံးပွဲတပွဲမှာ တဖက်အသင်းကို ကွင်းထဲ ပေးမဝင်ဘဲ ကိုယ့်ဘာသာ ဂိုးသွင်းနေသလိုပါပဲ။ တယောက်တည်းပြိုင်၊ တယောက်တည်းနိုင်ဆိုတဲ့ အနေအထားမျိုးဖြစ်နေပါတယ်။ ကျန်တဲ့ပါတီတွေဆိုတာကလည်း အရိုးအရင်းစားရတဲ့ လက်ဝေခံသက်သက်ပါပဲ။ ဒါ့အပြင် UEC ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို စစ်ကောင်စီကပဲ ခန့်အပ်ထားတာမို့ "ဘက်မလိုက်ဘူး" ဆိုတာ ပုံပြင်တပုဒ်လိုသာ ဖြစ်နေပါလိမ့်မယ်။ နိုင်ငံပိုင် မီဒီယာတွေကိုလည်း စစ်တပ်ကပဲ တဖက်သတ် အသုံးပြုနေပါတယ်။ ဒါကြောင့် “တရားမျှတမှု” ဆိုတာ ဇီးရိုးပါပဲ။

စံနှုန်း (၃) - အားလုံးပါဝင်နိုင်မှု (Inclusiveness/ Universal Suffrage)

ဒီမိုကရေစီ စံနှုန်း

လူမျိုး၊ ဘာသာ၊ ကျား/မ၊ ပညာအရည်အချင်း မခွဲခြားဘဲ နိုင်ငံသားတိုင်း မဲပေးခွင့် ရှိရမယ်။

စစ်ကောင်စီနှင့် ချိန်ထိုးချက်

မြို့နယ်ပေါင်း ၃၃၀ အနက် ထက်ဝက်လောက်မှာပဲ သန်းခေါင်စာရင်း ကောက်နိုင်ခဲ့ပါတယ်။ တော်လှန်ရေး တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်နီ၊ ရခိုင် ဒေသအများစုမှာ ရွေးကောက်ပွဲ ကျင်းပဖို့ မဖြစ်နိုင်ပါဘူး။ သန်းနဲ့ချီတဲ့ စစ်ဘေးရှောင် ပြည်သူတွေ (IDPs) နဲ့ ပြည်ပရောက် မြန်မာတွေ မဲပေးခွင့် ဆုံးရှုံးဖို့ သေချာသလောက် ရှိပါတယ်။ ရိုဟင်ဂျာတွေလည်း ဆက်ပြီး ဖယ်ကြဉ်ခံထားရဦးမှာပါ။ နိုင်ငံသား ထက်ဝက်ကျော်လောက် မပါဝင်နိုင်တဲ့ ရွေးကောက်ပွဲ တစ်ခုဟာ ဘယ်လိုလုပ် အားလုံးကို ကိုယ်စားပြုနိုင်မှာပါလဲ။

စံနှုန်း (၄) - လျှို့ဝှက်မဲပေးခြင်းနှင့် ပွင့်လင်းမြင်သာမှု

ဒီမိုကရေစီ စံနှုန်း:

မဲဆန္ဒရှင် ဘယ်သူ့ကို မဲပေးလိုက်တယ် ဆိုတာကို ဘယ်သူမှ မသိစေရပါဘူး။ ဒါပေမဲ့ မဲရေတွက်တာ၊ စာရင်းပြုစုတာတွေကတော့ ပွင့်လင်းမြင်သာမှု (Transparency) ရှိရပါမယ်။

စစ်ကောင်စီနှင့် ချိန်ထိုးချက် 

စစ်ကောင်စီ သုံးမဲ့ MEVM စက်တွေဟာ မဲပေးသူရဲ့ အချက်အလက်တွေကို ခြေရာခံနိုင်တယ်လို့ သံသယ ရှိကြပါတယ်။ စစ်သားတွေ စောင့်ကြည့်နေတဲ့ မဲရုံထဲမှာ၊ အီလက်ထရောနစ် စက်နဲ့ မဲပေးရမဲ့အခြေအနေဟာ ပြည်သူတွေအတွက် လုံခြုံမှု အာမခံချက် မရှိပါဘူး။ မဲစာရင်းနဲ့ ရလဒ်တွေကိုလည်း လွတ်လပ်တဲ့ စောင့်ကြည့် လေ့လာသူတွေ (Observers) ဝင်ရောက် စစ်ဆေးခွင့် ရဖို့ မသေချာပါဘူး။

ဒါကြောင့် ဒီရွေးကောက်ပွဲဟာ ဘယ်လိုနည်းနဲ့မှ ဒီမိုကရေစီစံနှုန်းတွေနဲ့ ကိုက်ညီမှုမရှိတဲ့ အတုအယောင်ဟန်ပြရွေးကောက်ပွဲသာဖြစ်နေကြောင်း လယ်ပြင်မှာဆင်သွားသလို ထင်ရှားနေပါတယ်။

နိဂုံး

ဒီရွေးကောက်ပွဲအပေါ် ပြည်တွင်းပြည်ပ တုံ့ပြန်မှုတွေကို လေ့လာကြည့်ရင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ CRPH နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ဒါကို “အတုအယောင် ရွေးကောက်ပွဲ” (Sham Election) အဖြစ် သတ်မှတ်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပါတယ်။ နိုင်ငံတကာမှာတော့ တရုတ်၊ ရုရှား၊ အိန္ဒိယ စတဲ့နိုင်ငံကြီးတွေကတော့ ထောက်ခံအားပေးတယ်လို့ ယူဆရပါတယ်။ အနောက်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ဥရောပ သမဂ္ဂတို့ကတော့ ဒါဟာ ပဋိပက္ခကို ပိုမို ဆိုးရွားစေမယ်လို့ သတိပေးပြီး ကန့်ကွက်ထားကြပါတယ်။

လက်ရှိ အခြေအနေမှာ ပြည်သူလူထုအတွက် အကြီးမားဆုံး စိန်ခေါ်မှုကတော့ “စစ်ကောင်စီက မဲမပေးရင် ဖမ်းမယ်၊ ဆီးမယ်၊ ပြဿနာရှာမယ်လို့ ခြိမ်းခြောက်လာရင် ဘာလုပ်ကြမလဲ” ဆိုတဲ့ မေးခွန်းပါပဲ။ ဒါက လက်တွေ့ကျပြီး စိုးရိမ်စရာ ကောင်းတဲ့ အခြေအနေတခုပါ။ တဖက်က မဲသွားထည့်ပြန်ရင်လည်း ဒီမတရားတဲ့ ရွေးကောက်ပွဲကို ထောက်ခံရာ ရောက်သွားမလားဆိုပြီး စိတ်မသန့် ဖြစ်ရသလို၊ မထည့်ဘဲ သပိတ်မှောက်ပြန်ရင်လည်း ကိုယ့်လုံခြုံရေးနဲ့ မိသားစုကို ဒုက္ခပေးလာမလားဆိုပြီး ကြောက်ရပြန်ပါတယ်။ ဒါကတော့ ကာလ၊ ဒေသ၊ အခြေအနေတွေပေါ်မူတည်ပြီးတော့ ဆုံးဖြတ်ရမှာဖြစ်တယ်လို့ နားလည်ရပါတယ်။

ဒါပေမဲ့ အရေးကြီးတာက အတုအယောင်ကို အတုအယောင်မှန်း သိမြင်တဲ့ စိတ်ဓာတ်ပါပဲ။ လုံးဝမဖြစ်မနေ သွားရတယ်ဆိုရင်တောင် ခန္ဓာကိုယ်က မဲရုံရောက်သွားပြီး စက်ခလုတ်ကို နှိပ်လိုက်ရပေမဲ့ စိတ်ထဲမှာတော့ ဒီရွေးကောက်ပွဲဟာ “တရားမဝင်ဘူး” ဆိုတဲ့ အသိတရားကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားဖို့ လိုပါတယ်။ သေနတ်ပြပြီး ယူသွားတဲ့ မဲတပြားဟာ စာရင်းဇယားမှာ ဂဏန်းတခု တိုးသွားနိုင်ပေမဲ့၊ “ပြည်သူ့ဆန္ဒ” (Mandate) အစစ်အမှန် ဘယ်တော့မှ ဖြစ်မလာနိုင်ပါဘူး။ သူတို့ ဘယ်လိုပဲ အနိုင်ရတယ် ကြေညာပါစေ၊ ဒါဟာ နိုင်ငံရေး ထွက်ပေါက် (Exit Strategy) မဟုတ်ဘဲ၊ အာဏာသက်ဆိုးရှည်ဖို့ ကပြတဲ့ နိုင်ငံရေး ပြဇာတ်တပုဒ်သာ ဖြစ်ပါတယ်။ ပြည်သူအားလုံးက ရှင်းရှင်းလင်းလင်း သိမြင်နေသမျှ ကာလပတ်လုံး၊ ဒီရွေးကောက်ပွဲဟာ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

တင်ဦး

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013