
အာဏာသိမ်းစစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲတွေဟာ မြန်မာပြည်သူတွေအပေါ် အကြောက် တရားသွင်းတဲ့ စစ်ဆင်ရေးတခုပဲဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ဒီဇင်ဘာ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။
SAC-M အဖွဲ့ဝင် ယန်ဟီးလီက “လက်ရှိမှာ မြန်မာနိုင်ငံမှာ ဖြစ်နေတာက ရွေးကောက်ပွဲ မဲဆွယ်တာမဟုတ်ဘဲ အရပ်သားတွေကို သတ်ဖြတ်နေတဲ့ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေပဲ ဖြစ်တယ်”လို့ ပြောပါတယ်။
စစ်အုပ်စုဟာ နိုင်ငံရဲ့ ၄၀ ရာခိုင်နှုန်းကိုပဲ ထိန်းချုပ်နိုင်တာကြောင့် ကျန်တဲ့ ၆၀ ရာခိုင်နှုန်းမှာ ရွေးကောက်ပွဲမလုပ်နိုင်ဘဲ အဲဒီဒေသတွေကို လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်နေပြီး၊ မကြာသေးခင်က မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှုမှာ လူပေါင်း ၃၄ ယောက် သေဆုံးခဲ့ရတာကိုလည်း SAC-M က ထည့်သွင်းဖော်ပြထားပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အတွက် ရွေးကောက်ပွဲ ကာကွယ်ရေးဥပဒေနဲ့ လူပေါင်း ၂၂၉ ယောက်ထက်မနည်း ဖမ်းဆီးခံထားရပြီး အဲဒီအထဲ ဒီမိုကရေစီရေး လှုပ်ရှားသူ ကိုထက်မြတ်အောင်လည်း အပါအဝင်ဖြစ်ကာ ချုပ်နှောင်ထားစဉ်အတွင်းမှာ ပြင်းပြင်းထန်ထန် ညှဉ်းပန်းနှိပ်စက်ခံရတာကြောင့် အသက်အန္တရာယ်စိုးရိမ်ရတဲ့ ဒဏ်ရာတွေရရှိထားတယ်လို့ သိရကြောင်းလည်း ဖော်ပြထားပါတယ်။
အတိုက်အခံတွေကို နှုတ်ပိတ်ဖို့ စစ်ကောင်စီက အခုလို ရက်စက်ကြမ်းကြုတ်တဲ့နည်းလမ်းတွေကို သုံးနေတာက သူတို့လုပ်မဲ့ ရွေးကောက်ပွဲဟာ လူထုကို ဖိနှိပ်ဖို့ နည်းလမ်းအသစ်တခုဖြစ်သလို တရားဝင်မှုရအောင် ပရိယာယ်နဲ့ကြံစည်နေတာကိုလည်း ပြနေတယ်လို့ ဆိုပါတယ်။
ဒီရွေးကောက်ပွဲတွေဟာ မြန်မာပြည်သူတွေရဲ့ဆန္ဒကို လွတ်လပ်ပြီး တရားမျှမျှတတ ဖော်ပြတာမဟုတ်ဘဲ သူတို့ရဲ့ လက်ဝေခံပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီ အသာစီးရအောင် စီမံဖန်တီးထားတဲ့ လုပ်ငန်းစဉ်တခုပဲဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့် အာဆီယံ၊ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အရပ်သားတွေအပေါ် ထပ်ပြီးမတိုက်ခိုက်ဖို့ အရေးပေါ်အစီအမံတွေကို လုပ်ဆောင်ရမှာဖြစ်ပြီး နိုင်ငံအသီးသီးကလည်း ဒီ အတုအယောင်ရွေးကောက်ပွဲကို လုံးဝလက်မခံဖို့၊ စစ်ကောင်စီ ခန့်အပ်ထားတဲ့ အဖွဲ့တွေနဲ့ တရားဝင်မှုဖြစ်စေမဲ့ ထိတွေ့ဆက်ဆံမှုမျိုးကနေ ရှောင်ကြဉ်ကြဖို့ SAC-M တောင်းဆိုထားပါတယ်။


