Home
ဆောင်းပါး
ရွေးကောက်ပွဲထောင်ချောက်နဲ့ သောမကြွက်မင်းဂိုဏ်း
DVB
·
December 26, 2025

မာဖီးယားဂိုဏ်းခေါင်းဆောင်တယောက်အဖြစ်နဲ့ ကမ္ဘာကျော်ခဲ့တဲ့ လပ်ကီးလူစီယာနိုရဲ့ စကားတခွန်း ရှိပါတယ်။ “အခုအချိန်မှာ အစိုးရနဲ့ မာဖီးယားအဖွဲ့ထဲက တဖွဲ့ကို ရွေးပါဆိုရင် အစိုးရအဖွဲ့ကို ရွေးမယ်၊ ဘာကြောင့်လဲဆိုတော့ အစိုးရအဖွဲ့က တရားဝင်တာကိုး” တဲ့။

အစိုးရအဖွဲ့ဆိုတာ မာဖီးယားဂိုဏ်းလိုပဲ လူတွေအပေါ်မှာ အမြတ်ထုတ်ပြီး ကိုယ်ကျိုးစီးပွားရှာတဲ့ အဖွဲ့လို့ လပ်ကိုး လူစီယာနိုက မြင်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ အစိုးရအဖွဲ့ကို ကူညီပြီး လွတ်လမ်းရှာခဲ့ရတဲ့ အတွေ့အကြုံနဲ့ ဒီစကားဟာ ဆက်စပ်နေပါလိမ့်မယ်။ လပ်ကီးလူစီယာနိုရဲ့ စကားဟာ သမိုင်းမှတ်တမ်း မရှိတဲ့အတွက် အငြင်းပွားစရာ ဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီး အုပ်ချုပ်နေတဲ့ စစ်ခေါင်းဆောင်တွေအတွက်တော့ လုံးဝမှန်ကန်တဲ့ စကားပဲလို့ ဆိုရပါမယ်။

လက်ရှိ မြန်မာနိုင်ငံဟာ မာဖီးယားတွေ အုပ်ချုပ်တဲ့ နယ်မြေတခု ဖြစ်နေတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ တကမ္ဘာလုံးကို လိမ်လည်တဲ့ ကျားဖြန့်လုပ်ငန်းဟာ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ အကြီးအကျယ် ဖွံ့ဖြိုးလာတာပါ။ မြန်မာနိုင်ငံအနှံ့ ကျားဖြန့်အလုပ်ရုံတွေ မှိုလိုပေါက်နေခဲ့တယ်။ နိုင်ငံပေါင်းစုံက လူတွေကို ပြန်ပေးဆွဲပြီး ကျားဖြန့်အလုပ်ကို ခိုင်းစေခဲ့တယ်။ ဘီလီယံနဲ့ချီတဲ့ ငွေကြေးတွေကို ရအောင် လိမ်လည်ခဲ့တယ်။

စစ်ခေါင်းဆောင်တွေရဲ့ ကြွယ်ဝချမ်းသာမှုဟာ ဒီဒုစရိုက်လုပ်ငန်းနဲ့ ဆက်စပ်နေပါတယ်။ တရုတ်နိုင်ငံမှာ ဖမ်းဆီးအရေးယူခံရတဲ့ ကျားဖြန့်သမားတွေဟာ စစ်ခေါင်းဆောင်များက ဘွဲ့ထူး ဂုဏ်ထူးတွေ အပ်နှင်းခဲ့တဲ့သူတွေ ဖြစ်ပါတယ်။ ကျားဖြန့်အလုပ်ရုံတွေကို ဝင်ရောက်စီးနင်းဖို့ အမေရိကန်အစိုးရက ဆုံးဖြတ်လိုက်တဲ့အခါမှ စစ်ခေါင်းဆောင်တွေဟာ ကြောက်လန့်တကြီးနဲ့ သက်သေအထောက်အထားမကျန်အောင် ဖျက်ဆီးကြတာပါ။

ဒီလိုအခြေအနေမှာ မာဖီးယား စစ်ခေါင်းဆောင်တွေ ကျင်းပပေးမဲ့ ရွေးကောက်ပွဲဟာ အနာဂတ် မြန်မာနိုင်ငံအတွက် ဘယ်လောက်အရေးပါမလဲ။ ဘယ်လိုအကျိုးဆက်တွေကို ဖန်တီးပေးမလဲ။ ဒီရွေးကောက်ပွဲ ဖြစ်မြောက်ရေးကို လှုံ့ဆော်နေကြတဲ့သူတွေနဲ့ ဒီရွေးကောက်ပွဲမှာ ပါဝင်ဆင်နွှဲမဲ့ နိုင်ငံရေးသမားတွေကတော့ ဒီရွေးကောက်ပွဲဟာ အကောင်းဆုံးရွေးချယ်မှုလို့ ဆိုပြီး နွေဦးတော်လှန်ရေးကို ဟန့်တားဖို့ ကြိုးစားနေကြပါတယ်။ ဒီရွေးကောက်ပွဲကြောင့် မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ လုံးဝပျောက်ဆုံးသွားတော့မှာကို မသိချင်ယောင်ဆောင်နေကြပါတယ်။ စစ်ခေါင်းဆောင်တွေ လုပ်ခဲ့သမျှ ရွေးကောက်ပွဲတိုင်းမှာ ဆိုးရွားတဲ့ အကျိုးဆက်တွေပဲ ရှိခဲ့တာကို ထိမ်ချန် ပြောဆိုနေကြပါတယ်။ လာမဲ့ ရွေးကောက်ပွဲဟာ အရင်ရွေးကောက်ပွဲတွေထက် ဆိုးရွားတဲ့ အကျိုးဆက်တွေ ရှိလာတော့မှာကို မသိသလိုလုပ်ပြီး အကောင်းဆုံးရွေးချယ်မှုအဖြစ် ဝါဒဖြန့်နေကြပါတယ်။

ရွေးကောက်ပွဲဆိုတာ နိုင်ငံသားအများစုရဲ့ ဆန္ဒကို ထုတ်ဖော်မှုကို ထင်ဟပ်ပြတဲ့ပွဲ ဖြစ်ပါတယ်။ ဒါက ဒီမိုကရေစီနိုင်ငံရေးစနစ်ရဲ့ အုတ်မြစ်ပါ။ ပြည်သူလူထုအတွက် ပြည်သူလူထုကိုယ်တိုင် စီမံအုပ်ချုပ်နိုင်အောင် ဖန်တီးထားတဲ့ နိုင်ငံရေးစနစ် ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ပန်းတိုင်ထားတဲ့ နိုင်ငံရေးစနစ်ဟာ ပြည်သူလူထုကိုယ်တိုင် ရွေးကောက်ထားတဲ့သူတွေက ဦးစီးဆောင်ရွက်ရမှာဖြစ်ပြီး အဲဒီ ရွေးကောက်ခံတွေဟာ ပြည်သူလူထုထဲကပဲ ဖြစ်ရမှာပါ။ ဒီလို ပြည်သူ့ကိုယ်စားလှယ် ဒေါင်ဒေါင်မြည်တွေကို ရွေးကောက်နိုင်ဖို့အတွက် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲစနစ် မရှိမဖြစ် လိုအပ်ပါတယ်။ စစ်ခေါင်းဆောင်တွေရဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတနိုင်ပါ့မလား။ ရွေးကောက်ပွဲက ဖန်တီးပေးမဲ့ အစိုးရဟာ တရားမျှတမှုကို ဖော်ဆောင်မှာလား (ဒါမှမဟုတ်) တရားမျှတမှုကို ဖျက်ဆီးမှာလား ဆိုတာ ရွေးကောက်ပွဲလှုံ့ဆော်နေသူတွေ မဖြေရဲတဲ့ မေးခွန်းပါပဲ။

စစ်တပ်က ကျင်းပပေးတဲ့ ရွေးကောက်ပွဲက အရပ်သားအစိုးရကျင်းပတဲ့ ရွေးကောက်ပွဲထက် ပိုပြီး လွတ်လပ်မှာပဲ၊ ပိုပြီး တရားမျှတမှာပဲလို့ ရွေးကောက်ပွဲဝင်မဲ့ ပါတီတခုရဲ့ ခေါင်းဆောင်က ပြောခဲ့ပါတယ်။ ဒီခေါင်းဆောင်ကပဲ မကြာခင်က လေသံပြောင်းသွားပါတယ်။ ဒီရွေးကောက်ပွဲကို ကျင်းပပေးမဲ့ စစ်တပ်ထဲက ထိပ်တန်းခေါင်းဆောင်တွေ ကြံ့ခိုင်ရေးပါတီကို အလုံးအရင်း ဝင်ရောက်ပြီး ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတာတွေကို သူက ထောက်ပြပါတယ်။ ဒိုင်လူကြီးလည်း လုပ်တယ်၊ ဆုကြေးကိုလည်း ၂၅ ရာနှုန်း ယူထားတယ်၊ ကျန်တဲ့ ၇၅ ရာနှုန်း ကိုလည်း ယူဦးမယ် ဆိုတဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိနိုင်ပါ့မလားလို့ မေးခွန်းထုတ်ပါတယ်။ အဲဒီခေါင်းဆောင်ဟာ အရွေးခံခွင့် မရတော့တဲ့အတွက် မကျေမနပ်ဖြစ်ပြီး မရဲတရဲ ထောက်ပြ ပြောဆိုလာတာလို့ ယူဆရပါတယ်။

စစ်တပ်ရဲ့ ရည်မှန်းချက်ဟာ အဲဒီပါတီခေါင်းဆောင်ပြောတာထက် အများကြီး ပိုကဲပါတယ်။ လွှတ်တော်မှာ ၂၅ ရာနှုန်း နေရာကို ယူဖို့နဲ့ ဒုသမ္မတ တနေရာနဲ့ ဝန်ကြီး ၃ နေရာကို ဝေစုယူဖို့ မဟုတ်တော့ပါဘူး။ ကြံ့ခိုင်ရေးပါတီမှာ ဝင်ရောက်ပြီး အရပ်သားဝေစုကို ထပ်ယူဖို့လောက် မဟုတ်ပါဘူး။ စစ်ခေါင်းဆောင်တွေ ထာဝရအုပ်ချုပ်တော့မဲ့ စစ်တပ်နိုင်ငံတခုကို တရားဝင်တည်ဆောက်ဖို့ ပြင်ဆင်နေခြင်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲပြီးရင် မြန်မာနိုင်ငံသားတွေဟာ စစ်အာဏာရှင်စနစ်အောက်မှာ ပြားပြားဝပ် နေထိုင်ရတော့မှာ ဖြစ်တယ်။ အားလုံးကို ကျွန်ဇာတ်သွင်းဖို့အတွက် စစ်မှုထမ်းဥပဒေကို အသင့်ပြဋ္ဌာန်းပြီး ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ကို တရားဝင်ဖြစ်အောင် ပထမဆုံး အုတ်မြစ်ချခဲ့သူက ဗိုလ်ချုပ်ကြီးနေဝင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို စစ်အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ဖို့အတွက် နည်းပေးလမ်းပြ လုပ်ခဲ့တဲ့သူပါပဲ။ စစ်တပ်ကို အပိုင်စီးပြီး တိုင်းပြည်အာဏာကို လုယက် သိမ်းယူတဲ့နည်းကို စပြီး ကျင့်သုံးခဲ့သူဟာ သူပါပဲ။ လုယက်ရယူထားတဲ့ အာဏာကို ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြီး တရားဝင်အောင် လုပ်ပြခဲ့တာ သူပါပဲ။ “နိုင်ငံတော်သည် တပါတီစနစ်ကို ကျင့်သုံးမည်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသည် တခုတည်းသောပါတီ ဖြစ်သည်” ဆိုတဲ့ ပြဋ္ဌာန်းချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်းပြီး ကိုယ်စားလှယ် တယောက်တည်းကိုပဲ မဲပေးရတဲ့ ရွေးကောက်ပွဲနဲ့ ပြည်သူလူထုကို အနိုင်ကျင့်ခဲ့တာပါ။ ဖက်ဒရယ်စနစ်ကို ခွဲထွက်ရေးလို့ ဝါဒဖြန့်ခဲ့ပြီး ကိုယ်စားလှယ်တယောက်တည်းပြိုင်တဲ့ ရွေးကောက်ပွဲစနစ်နဲ့ မျက်လှည့်ပြပြီး အာဏာလု စစ်ခေါင်းဆောင်ဘဝကနေ ရွေးကောက်ခံသမ္မတ ဘဝကို ရောက်အောင် လုပ်ခဲ့တာ ဖြစ်ပါတယ်။

မျက်လှည့်ပြလို့ မရတာကတော့ တိုင်းပြည်ရဲ့ အခြေအနေပါ။ ဗိုလ်ချုပ်ကြီးနေဝင်း လက်ထက်မှာ မြန်မာနိုင်ငံဟာ ဒေဝါလီခံရတဲ့နိုင်ငံတခုအဆင့်ကို ကျရောက်သွားခဲ့ရပါတယ်။ ငတ်မွတ်ခေါင်းပါးမှု ကပ်ဆိုးတွေ ဆိုက်ခဲ့သလို ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အစစမှာ လူစဉ်မမီတဲ့ နိုင်ငံတခု ဖြစ်လာတယ်။ အခြေခံလူ့အခွင့်အရေးမှန်သမျှ ဆုံးရှုံးခဲ့ရတယ်။ ဒီအခြေအနေဆိုးကို ဖြေရှင်းဖို့အတွက် ၁၉၈၈ ခုနှစ် အရေးတော်ပုံကြီး ပေါ်ခဲ့တာပါ။

စစ်ခေါင်းဆောင်တွေကတော့ လူသတ်ပွဲတွေနဲ့ အာဏာကို ဆက်ထိန်းထားခဲ့ပါတယ်။

တပါတီအာဏာရှင်စနစ်ကို ပုံစံပြောင်းဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတင်းအကျပ် ရေးဆွဲပြဋ္ဌာန်းခဲ့ပါတယ်။ ပါတီစုံစနစ် ကျင့်သုံးမယ်ဆိုပြီး ပြည်သူလူထုကို မျက်လှည့်ပြဖို့ လုပ်ပြန်တယ်။ ဒါပေမဲ့ “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ရေး” ဆိုတဲ့ ပြဋ္ဌာန်းချက်နဲ့ စစ်အာဏာရှင်စနစ်ရဲ့ အုတ်မြစ်ကို ပိုပြီး ခိုင်မာအောင် လုပ်လိုက်ပြန်ပါတယ်။ လွှတ်တော်မှာ စစ်ဦးစီးချုပ်က နေရာ ၂၅ ရာခိုင်နှုန်းကို ရယူလိုက်ပါတယ်။ ဒုသမ္မတ တနေရာနဲ့ ဝန်ကြီးသုံးနေရာကို ခွဲတမ်းအဖြစ် ယူလိုက်ပါတယ်။ သူ ရယူထားတဲ့ ခွဲတမ်းကို သူကြိုက်သလို လုပ်လို့ရပါတယ်။ ခန့်ချင်တဲ့အချိန်ခန့်၊ ဖြုတ်ချင်တဲ့အချိန် ဖြုတ်နိုင်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေအရ အာဏာအရှိဆုံးရာထူးဟာ စစ်ဦးစီးချုပ်ပါပဲ။ စစ်ဦးစီးချုပ်လောက် ဘယ်သူမှ အာဏာမရှိပါဘူး။ အရေးကြီးတဲ့ ဥပဒေတခုကို ပြင်ချင်ရင် စစ်ဦးစီးချုပ် သဘောတူမှ ပြင်လို့ရတဲ့အထိ အာဏာပေးထားတာပါ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဟာ သူတို့ရဲ့အာဏာကို ကမ္ဘာဆုံးတိုင် ခိုင်မာတည်တံ့နေအောင် လုပ်ပေးလိမ့်မယ်လို့ စစ်ခေါင်းဆောင်တွေ မျှော်လင့်ခဲ့ကြပါတယ်။ စစ်တပ်လက်ကိုင်တုတ်ဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီက ရွေးကောက်ပွဲမှာ ၂၆ ရာနှုန်း အနိုင်ရဖို့က အလွန်လွယ်ကူလိမ့်မယ်လို့ တွက်ဆခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီပါတီကို ရွေးကောက်ပွဲဝင်ဖို့ အမျိုးမျိုး သွေးဆောင်ခဲ့တာပါ။ သူတို့အတွက် မှားခဲ့တာက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူလူထုကြားက စည်းလုံးမှု ဖြစ်ပါတယ်။ ၂၀၁၅ နဲ့ ၂၀၂၀ မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနှစ်ခုရဲ့ ရလဒ်ဟာ စစ်ခေါင်းဆောင်တွေရဲ့ အာဏာထိုင်ခုံကို အကြီးအကျယ် လှုပ်ရမ်းစေခဲ့ပါတယ်။ ဒါကြောင့် ၂၀၂၁ မှာ အာဏာသိမ်းခဲ့ပြန်ပါတယ်။

စစ်ခေါင်းဆောင်တွေဟာ အာဏာရှင်ဇာတ် အသွင်းခံရသူတွေချည်း ဖြစ်ပြီး အာဏာကို အရူးအမူး ငတ်မွတ် ဆာလောင်နေကြတယ်။ ဗိုလ်ချုပ်ကြီးနေဝင်း ဆီမှာ စွဲကပ်ခဲ့တဲ့ အာဏာရူးရောဂါဟာ လက်ရှိ စစ်ခေါင်းဆောင်တိုင်းမှာ ကူးစက်နေပြီး အဆိုးရွားဆုံးအဆင့်ကို ရောက်ရှိနေပါတယ်။ လွန်ခဲ့တဲ့ လေးနှစ်တာကာလအတွင်းမှာ စစ်တပ်ရဲ့လက်ချက်နဲ့ လူပေါင်း သောင်းချီပြီး သေဆုံးခဲ့ရတာတွေ၊ ရွာပေါင်း သိန်းချီပြီး ပျက်စီးခဲ့ရတာတွေ၊ လူပေါင်း သန်းချီပြီး ကိုယ့်အိမ်ကိုယ့်ယာ ကိုယ့်ရပ်ရွာကို စွန့်ခွါထွက်ပြေးရတာတွေ၊ လူပေါင်းသိန်းချီပြီး အလုပ်လုပ်တဲ့ ကျားဖြန့် ငွေလိမ်ဌာနတွေ မြန်မာပြည်အနှံ့ ပေါ်ပေါက်လာတာတွေ၊ မူးယစ်ဆေးထုတ်လုပ်မှုမှာ ကမ္ဘာ့နံပါတ်တစ်အဆင့်ကို ရောက်လာတာတွေဟာ အာဏာရူးရောဂါရဲ့ ထင်ရှားတဲ့ လက္ခဏာတွေပါပဲ။ လူသားဖြစ်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေ၊ လူမျိုးတုံး သတ်ဖြတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေကို စစ်ခေါင်းဆောင်တွေရဲ့ အမိန့်နဲ့ ကျူးလွန်နေကြတာတွေဟာ အာဏာရူးရောဂါရဲ့ လက္ခဏာတွေပါပဲ။ အာဏာရူးရောဂါကြောင့်ပဲ ရွေးကောက်ပွဲ ထောင်ချောက်ကို သုံးပြီး မြန်မာနိုင်ငံသားတွေကို ကျွန်ဇာတ်သွင်းတော့မှာပါ။

ရွေးကောက်ပွဲပြီးရင် မာဖီးယား စစ်ရာဇဝတ်ကောင် ဇာတိရုပ်ကို တရားဝင် ရွေးကောက်ခံအစိုးရ ဆိုတဲ့ မျက်နှာဖုံးနဲ့ ဖျောက်ဖျက် ကာကွယ်လိုက်တော့မှာ လုံးဝသေချာပါတယ်။ သူတို့ ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေအတွက် လွတ်ငြိမ်းခွင့်တွေကိုလည်း တရားဝင် ပြဋ္ဌာန်းတော့မှာ ဖြစ်တယ်။ တရားဝင်အစိုးရဖြစ်မှ ဒါတွေကို တရားဝင်လုပ်လို့ရမှာ မဟုတ်ပါလား။ ဒါကြောင့် ဒီရွေးကောက်ပွဲကို မဖြစ်မနေ လုပ်ဆောင်ခြင်းပါပဲ။ မဲလိမ်ဖို့လွယ်ကူတဲ့ ရွေးကောက်ပွဲစနစ်တွေ၊ ပြင်းထန်တဲ့ ရွေးကောက်ပွဲဥပဒေတွေ ပြဋ္ဌာန်းနေတာကို ကြည့်ရင် ဒီရွေးကောက်ပွဲဟာ စစ်ခေါင်းဆောင်များအတွက် အလွန်အရေးကြီးကြောင်း သိသာပါတယ်။ “စစ်ကောင်စီမကြိုက်တဲ့ ရလဒ်မျိုး ထွက်လို့မရဘူး” လို့ ရွေးကောက်ပွဲဝင် ပါတီခေါင်းဆောင်တယောက်က ပြောတာဟာ အကြောင်းမဲ့ပြောတာ မဟုတ်နိုင်ပါဘူး။ (စစ်ကောင်စီကြိုက်တဲ့ ရလဒ်မျိုး ထွက်ကို ထွက်ရမဲ့ ရွေးကောက်ပွဲမှာ သူကိုယ်တိုင် စိတ်အားထက်သန်စွာနဲ့ ပါဝင်ယှဉ်ပြိုင်ရတဲ့ အကြောင်းရင်းကတော့ ဘာမှန်းမသိရပါ။ သေချာတာကတော့ ပြည်သူလူထုဟာ စစ်အာဏာရှင်စနစ်အောက်မှာ ဆွေစဉ်မျိုးဆက် နေထိုင်ကြရတော့မှာပါ)

ဒီရွေးကောက်ပွဲဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းပါအုပ်စုကို စစ်အာဏာရှင်စနစ် တရားဝင် တည်ဆောက်ရေးအတွက် လိုင်စင်ချပေးမဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံကို ဖျက်ပြီး အသစ်တခု ထပ်မံရွေးဆွဲတာကိုတော့ လုပ်ဖို့ မလိုအပ်ပါဘူး။ ပြဋ္ဌာန်းချက်တွေကို သူ့အလိုကျ ပြင်တာကိုတော့ သေချာပေါက် လုပ်ပါလိမ့်မယ်။ ဘယ်လာရုစ်နိုင်ငံရဲ့ သက်တော်ရှည် အာဏာရှင်ကြီး လူကာရှင်ကိုနဲ့ မင်းအောင်လှိုင်ရဲ့ ဆက်ဆံရေးက ရွေးကောက်ပွဲလွန် မြန်မာ့အနာဂတ်ကို မီးမောင်းထိုးပြနေပါတယ်။ လူကာရှင်ကိုဟာ မင်းအောင်လှိုင်အတွက် အတုယူစရာ စံပြအာဏာရှင် ဖြစ်သွားပါပြီ။ ရုရှားနိုင်ငံရဲ့ သက်တော်ရှည်သမ္မတကြီး ပူတင်ကို ဘုရားဗျာဒိတ်တော်ရ သောမကြွက်မင်းအဖြစ် သိဒ္ဓိတင်လိုက်တာက အာဏာရှင် ပူတင်ရဲ့ ဂိုဏ်းဝင်အဖြစ် သစ္စာခံလိုက်တာပါ။ မြန်မာနိုင်ငံကို ကြွက်မင်း အင်ပါယာအောက် အပ်နှံလိုက်ခြင်းပါပဲ။ ဒါတွေက လူကာရှင်ကိုရဲ့ အာဏာတည်ဆောက်တဲ့ လုပ်ရပ်တွေပါ။ မင်းအောင်လှိုင်ဟာ လူကာရှင်ကိုရဲ့ နောက်ကို ဖဝါးခြေထပ် လိုက်တော့မှာ သံသယရှိစရာ မလိုပါ။

လူကာရှင်ကိုဟာ ၁၉၉၃ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရပြီးကတည်းက သမ္မတရာထူးကို ဆုပ်ကိုင်ထားခဲ့တာ ယခုအချိန်အထိ ဖြစ်ပါတယ်။ အတိုက်အခံတွေကို သုတ်သင်ချေမှုန်းပြီး ရွေးကောက်ပွဲရလဒ်ကို သူ့အလိုကျ ဖန်တီးတာကြောင့်လည်း သူ့ကို ဒီမိုကရေစီနိုင်ငံများက အသိအမှတ်မပြုပါဘူး။ သူကလည်း အာဏာရှင်နိုင်ငံများရဲ့ ထောက်ခံမှုရဖို့ပဲ စိတ်အားထက်သန်နေသူ ဖြစ်ပါတယ်။  ရုရှားသမ္မတ ပူတင်ရဲ့ အင်ပါယာထဲမှာ အာဏာရှင်အဖြစ် ရပ်တည်ရတာကို ကျေနပ်တဲ့သူပါ။ ကြွက်မင်းအင်ပါယာထဲမှာ ပါဝင်ဖို့အတွက် အခြေခံဥပဒေကို ပြင်ခဲ့ပါတယ်။ ရုရှားစာ ရုရှားယဉ်ကျေးမှုတွေကို တရားဝင်သင်ကြားဖို့၊ ရုရှားနဲ့ စီးပွားရေး မဟာမိတ်ဖွဲ့ဖို့ ဖွဲ့စည်းပုံထဲမှာ ပြဋ္ဌာန်းခဲ့တာပါ။ ဘယ်လာရုစ်ဟာ ရုရှားရဲ့ ပြည်နယ်တခုလို ရပ်တည်နေတဲ့နိုင်ငံ ဖြစ်တယ်။

စစ်ခေါင်းဆောင်တွေရဲ့ ရွေးကောက်ပွဲဟာလည်း ရုရှားအာဏာရှင် ပူတင်ရဲ့ လက်ဝေခံ ပြည်နယ်တခု အဖြစ်ကို ကူးပြောင်းဖို့ ပြင်ဆင်တဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။ ဘယ်လာရုစ် အာဏာရှင် လူကာရှင်ကို အတိုင်း ထာဝရ သမ္မတရာထူးကို တရားဝင်ရရှိဖို့လုပ်တဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲပြီးရင် စီးပွားရေး၊ စစ်ရေး၊ ပညာရေး အစစကို ရုရှားလက်ထဲ အပ်နှံပါလိမ့်မယ်။ အန်အယ်လ်ဒီပါတီလို အင်အားတောင့်တင်းတဲ့ ဒီမိုကရေစီပါတီတွေကို အပြတ် သုတ်သင်ချေမှုန်းပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်လို ဒီမိုကရေစီခေါင်းဆောင်များကို နိုင်ငံရေး လောကထဲက လုံးဝထွက်ခွါသွားအောင် ဖိနှိပ်ပါလိမ့်မယ်။ ကြွက်မင်းအင်ပါယာထဲကို ရောက်သွားတဲ့အတွက် ရုရှားစာတွေ ရုရှားစကားတွေကို သင်ယူဖို့ ပြဋ္ဌာန်းပါလိမ့်မယ်။ ပြည်သူလူထုကို စစ်မှုထမ်းခိုင်းပြီး အမိန့်နာခံတတ်သူတွေ ဖြစ်လအောင် ပုံစံသွင်းပါလိမ့်မယ်။

“ရွေးကောက်ပွဲက အကောင်းဆုံးရွေးချယ်မှု ဖြစ်တယ်” ဆိုတဲ့စကားဟာ ဒီမိုကရေစီ လိုလားတဲ့ ပြည်သူလူထုအတွက် မဟုတ်ဘဲ ကြွက်မင်းဂိုဏ်းသား စစ်ခေါင်းဆောင်များအတွက်သာ ဖြစ်တယ်လို့ ကောက်ချက်ချရမှာပါ။ ပြည်သူလူထုအတွက်တော့ ဒီရွေးကောက်ပွဲဟာ ထွက်ပေါက်မဲ့ ကြွက်တွင်းထဲ ကျရောက်ဖို့ ပြင်ဆင်ထားတဲ့ ထောင်ချောက်တခုသာ ဖြစ်ပါကြောင်း။

နွေဦးဘက်တော်သားတဦး

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013