Home
မြန်မာသတင်း
ရွေးကောက်ပွဲကျင်းပမည့်နေရာများထဲ တော်လှန်ရေးတပ် စိုးမိုးနယ်မြေအချို့ပါဝင်
DVB
·
December 26, 2025
Photo: KNDF

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေက မြို့နယ် အတော်များများကို ထိန်းချုပ်ထားချိန်မှာပဲ စစ်ကောင်စီက သူတို့ရဲ့ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းခွဲပြီးကျင်းပဖို့ ပြင်ဆင်နေပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲကျင်းပမယ်လို့ သတ်မှတ်ထားတဲ့မြို့နယ်တွေထဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေ အခိုင်အမာစိုးမိုးထားတဲ့နေရာတွေနဲ့ တိုက်ပွဲဖြစ်ရာ ဒေသတွေပါဝင်နေပါတယ်။ 

မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အထဲ ရွေးကောက်ပွဲ အပိုင်း ၁ ကို ဒီဇင်ဘာ ၂၈ ရက်မှာ ၁၀၂ မြို့နယ်၊ အပိုင်း ၂ ကိုတော့ ဇန်နဝါရီ ၁၁ ရက်မှာ မြို့နယ် ၁၀၀နဲ့ ပိုင်း ၃ ကိုတော့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်နေ့မှာ မြို့နယ် ၆၃ ခုထဲ ကျင်းပဖို့စီစဉ်ထားပါတယ်။

ဒါအပြင် မြို့နယ်ပေါင်း ၅၆ ခုမှာ ရွေးကောက်ပွဲ လုံးဝ မကျင်းပနိုင်ဘူးလို့ စစ်တပ်ဩဇာခံ ရွေးကောက်ပွဲကော်မရှင်က ကြေညာတာကြောင့် အပိုင်း ၃ ခုလုံးမှာ ရွေးကောက် ပွဲကျင်းပမဲ့ မြို့နယ် ၂၆၅ မြို့နယ် သာရှိပြီး ကျန်ရှိနေတဲ့ မြို့နယ် ၉  မြို့နယ် အကြောင်းကိုတော့ စစ်တပ်က မထုတ်ပြန်သေးပါဘူး။

ဒါပေမဲ့ ရွေးကောက်ပွဲပြုလုပ်ဖို့ရည်ရွယ်ထားတဲ့မြို့နယ်တွေထဲမှာတောင် EAOs တွေနဲ့ PDF တွေ ထိန်းချုပ်ထားလို့ စစ်တပ်ခြေချလို့မရတဲ့နေရာတွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ဒေသတွေပါဝင်နေပါတယ်။

ကရင်နီမှာဆိုရင် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနဲ့ ဘော်လခဲမြို့နယ်တွေမှာ ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ အပိုင်း ၂ ကို ကျင်းပမယ်လို့ပြောပေမဲ့ ဘောလခဲမြို့နယ်ထဲက မော်ချီးနဲ့ ရွာသစ်ကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားပါတယ်။

ဒါအတူ ကရင်မှာလည်း ဘားအံ၊ မြဝတီ၊ သံတောင်ကြီးက အပိုင်း ၁၊ လှိုင်းဘွဲ့နဲ့ ဖာပွန်က အပိုင်း ၂ ၊ ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီးမှာ အပိုင်း ၃ ပြုလုပ်မယ်လို့ စစ်တပ်ကဆိုထားပါတယ်။

ဒါပေမဲ့ ကြာအင်းဆိပ်ကြီးထဲက ကျိုက်ဒုံကို KNLA က ထိန်းချုပ်ထားသလို ဖာပွန်မှာလည်း ဗျူဟာကုန်းလောက်သာနယ်မြေစိုးမိုးနိုင်တော့တာ ဖြစ်ပါတယ်။

ကချင်မှာတော့ ခေါင်လန်ဖူး၊ နောင်မွန်း၊ ပူတာအို၊ တနိုင်း၊ မိုးညှင်းနဲ့ မြစ်ကြီးနားမှာ အပိုင်း ၁၊ မချမ်းဘော၊ ဝိုင်းမော်၊ မိုးကောင်းမြို့နယ်တွေမှာက အပိုင်း ၂၊ KIA ထိန်းချုပ်ထားတဲ့ မံစီနဲ့ မိုးမောက်၊ တိုက်ပွဲဖြစ်နေတဲ့ ဗန်းမော်၊ ဖားကန့်နဲ့ ရွှေကူမြို့နယ်တွေမှာ အပိုင်း ၃ ကိုကျင်းပမယ်လို့ စစ်တပ်လက်အောက်ခံ UEC က ဒီကနေ့မှာ ထုတ်ပြန်လာပါတယ်။

KIO/KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ “မိုးမောက်၊ မံစီ၊ ဗန်းမော်၊ ရွှေကူဘက်မှာကတော့ ပြည်သူလူထုတွေက အကုန်လုံးစစ်ရှောင်ဖြစ်နေတယ်။ မန္တလေးရောက် နေတာ၊ တခြားနေရာ ရောက်နေတာ။ အဲဒီနေရာမှာသူတို့ ဥပမာ-မံစီမြို့နယ်ဆိုပြီးတော့မှ မဲပုံးထောင်ပြီးမှ သူတို့လမ်းကြောင်းနဲ့သူတို့လုပ်နိုင်မယ်လို့ ကျနော်ထင်တယ်ပါတယ်။ အဲဒါကိုပြောတာနေမှာပါ။ တကယ် မိုးမောက်၊ မံစီမှာ မဲရုံထောင်ဖို့ကတော့ သူတို့လည်းမစဉ်းစားဘူးထင်တယ်။ ဒါကတော့ ကျနော်သဘောထားကိုပြောတာပါ။ KIO အနေနဲ့ကတော့ ဘာမှအခုထိ ဘာမှသဘောထားပြောတာ မရှိပါဘူး”လို့ ပြောပါတယ်။

ဒါအတူ မကွေးတိုင်းထဲမှာဆိုရင်လည်း အခုချိန်ထိတိုက်ပွဲတွေဖြစ်ပွားနေတဲ့ ငဖဲနဲ့ စလင်း၊ စစ်ကိုင်းမှာဆိုရင် တမူး၊ ဟုမ္ပလင်းနဲ့ ကလေးစတဲ့မြို့နယ်တွေက ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ ၂ ထဲကျင်းပမယ့် နယ်မြေတွေထဲ ပါဝင်နေပါတယ်။

ဒါအပြင် စစ်တပ်လက်အောက်ခံ UEC က အပိုင်း ၁ နဲ့ ၂ ကျင်းပမယ်လို့ကြေညာထားတဲ့ မြို့နယ်ပေါင်း ၂၀၂ မြို့နယ်ထဲ၊ မြို့ပေါ်မှာပဲကျင်းပနိုင်မှာက ၁၀ မြို့နယ်၊ မကျင်းပနိုင်တဲ့ ရပ်ကွက် ၁၆၁ ခုနဲ့ ကျေးရွာအုပ်စု ၂,၇၇၀ ခု ရှိတယ်လို့ ဒီဇင်ဘာ ၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

တခြား တိုင်းနဲ့ပြည်နယ်တွေမှာလည်း စစ်တပ် မထိန်းချုပ်နိုင်တဲ့နေရာနဲ့ တိုက်ပွဲဖြစ်ပွားရာဒေသတွေ ရှိနေတာကြောင့် မကျင်းပနိုင်တဲ့နေရာတွေကို ထပ်တိုးကြေညာနိုင်တဲ့အကြောင်း ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတယောက်က ထောက်ပြပါတယ်။

“အမျိုးသားလွှတ်တော်တို့၊ ပြည်သူ့လွှတ်တော်တို့ ဖြည့်တာကထားဦး၊ ပြည်နယ်လွှတ်တော်မှာ လူအရမ်းနည်းတဲ့ ပြည်နယ်လွှတ်တော်၊ တပ်မတော်သား ကိုယ်စားလှယ်တွေပဲအများစုပါတဲ့ ပြည်နယ်လွှတ်တော်ကြီးဖြစ်မှာစိုးလို့ တချို့နေရာတွေကိုတော့ သူတို့ဟန်ပြလုပ်နိုင်ဖို့တော့ ပစ်မှတ်ထား ကြိုးစားနေတယ်လို့ မြင်တယ်။ အဲတာကြောင့်မို့လို့ပဲ လေကြောင်းတိုက်ခိုက်မှု ပြင်းပြင်းထန်ထန်နဲ့ နယ်မြေစိုးမိုးမှုပြန်ရအောင် ကြိုးစားတာ၊ စစ်ရေးကြိုးစားမှုတွေလည်း လုပ်နေတာမျိုးတွေ တွေ့ရတယ်။ အကယ်၍များပေါ့နော် တတိယပိုင်းလောက်အထိ စောင့်ကြည့်ပြီးတော့မှ အခြေအနေမပေးတော့ဘူးဆိုတော့မှပဲ Cancel လုပ်လောက်၊ အဲတာ ကိုတော့ မဖြစ်မနေ အခြေအနေမှပဲ လုပ်လိမ့်မယ်ထင်တယ်။”

ရခိုင်မှာဆိုရင် တိုက်ပွဲပြင်းထန်နေတဲ့ ကျောက်ဖြူ၊ စစ်တွေအပါအဝင် မာန်အောင်မြို့တွေမှာ ကျင်းပမယ်လို့ပြောထားပေမဲ့ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ဂွ၊ သံတွဲ၊ တောင်ကုတ်နဲ့ အမ်းမြို့နယ်တွေအကြောင်း ထပ်ပြောတာမတွေ့ရသေးပါဘူး။

မြို့နယ် ၉ ခုရှိတဲ့ ချင်းပြည်နယ်မှာလည်း ဒီဇင်ဘာ ၂၅ ရက်ထုတ်ပြန်တဲ့ အပိုင်း-၃ ထဲ ထပ်မပါလာတာကြောင့် တီးတိန်နဲ့ ဟားခါးမှာပဲကျင်းပနိုင်တော့မယ်လို့ ယူဆရပါတယ်။  

အခုရွေးကောက်ပွဲကျင်းပဖို့စီစဉ်နေတဲ့ ၂၆၅ မြို့နယ်ထဲမှာတောင် အဆိုးဆုံးအခြေအနေမှာဆိုရင် မကျင်းပနိုင်တဲ့ကျေးရွာအုပ်စုတွေ၊ ရပ်ကွက်တွေကိုဖယ်ပြီး တပ်အခြေစိုက်နေရာတွေနဲ့ မြို့ပေါ်နေရာကွက်ကွက်လောက်မှာပဲ မဲပုံးထောင်တာမျိုး ရှိလာနိုင်တဲ့အကြောင်း ရွေးကောက်ပွဲ လေ့လာသူက မှတ်ချက်ပြု ပါတယ်။

ဒါအတူ ပြီးခဲ့တဲ့ ၂၀၁၀၊ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ လုံးဝ မကျင်းပနိုင်တဲ့မြို့နယ် ၁၀ မြို့နယ်ကျော်သာ ရှိသာကြောင့် အခုရွေးကောက်ပွဲဟာ သမိုင်းတလျောက် မြို့နယ်လုံး ပြည့်မကျင်းပနိုင်တဲ့ နယ်မြေအများဆုံး ရွေးကောက်ပွဲဖြစ်နေတဲ့အကြောင်း လေ့လာသူတွေက ပြောကြပါတယ်။

 စိုးသူအောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013