
စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှာ စစ်ကောင်စီက ရွေးကောက်ပွဲမကျင်းပမီ ၃ ရက်အလိုကစပြီး မြို့အဝင်အထွက် ဂိတ်တွေမှာ စစ်အင်အားတိုးချဲ့ချထားပြီး မြို့ထဲမှာလည်း စစ်သားနဲ့ ရဲတွေက တိုက်ပွဲဖော်ဆောင်မယ့်ပုံစံ လုံခြုံရေးယူထားတာကြောင့် မြို့ခံတွေ ထိတ်လန့်နေကြပါတယ်။
မြို့တွင်း နေရာအနှံ့မှာလည်း စစ်သားနဲ့ ရဲတွေသာရှိပြီး လမ်းမတော်လမ်းမှာတော့ မီးသတ်ကား အဆင်သင့် ရပ်ထားတာတွေ့ရကာ ကင်းလှည့်တာတွေလည်း အဆက်မပြတ်တွေ့နေရတာကြောင့် မြို့ပေါ်မှာ တိုက်ပွဲတွေ ဖြစ်လာမှာကို စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။
ရွှေဘိုမြို့နယ်ဟာ စစ်ကောင်စီကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲ အပိုင်း (၁) မှာ ပါဝင်တယ်လို့ ကြေညာထားပေမဲ့ တမြို့နယ်လုံးအတိုင်းတာ နဲ့ ရွေးကောက်ပွဲကျင်းပနိုင်တာ မရှိသလို မြို့ပေါ် ရပ်ကွက်ကြီး ၁၀ ရပ်ကွက်နဲ့ ကျေးရွာ ၆၀ ကျော်ရှိတဲ့ အထဲက မြို့အတွင်း အမှတ် ၂၊ အမှတ် ၃ ရပ်ကွက်နဲ့ ခလရ ၄၂ တပ်နယ်မြေအနီးက ပိတ္တောကျေးရွာ၊ နမောကျေးရွာနဲ့ မင်းကျောင်းကျေးရွာတို့မှာသာ ရွေးကောက်ပွဲပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။
စစ်တပ်က မဲရုံထားရှိမယ့် မြို့လယ်က ၂ ရပ်ကွက်မှာ တိုက်ပွဲဖော်ဆောင်မယ့် ပုံစံ လုံခြုံရေးအပြည့်ချထားတာကြောင်် တချို့ပြည်သူတွေက နီးစပ်ရာ ကျေးရွာတွေကို ရှောင်တိမ်းကုန်ကြပြီး တချို့ကတော့ အိမ်ထဲက အိမ်ပြင် မထွက်ရဲဲကြတော့ဘူးလို့ မြို့ပေါ်ရပ်ကွက်နေ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိ မြို့ပေါ်က မဲပေးရမယ့်သူတွေအနေနဲ့ ရပ်ကွက် ၂ မှာရှိတဲ့ မဲရုံကို သွားရောက် မဲပေးရမှာဖြစ်ပြီး ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ ရပ်ကွက်နေ ပြည်သူတွေကလည်း အဲဒီမဲရုံမှာ မဲသွားပေးဖို့ကို အုပ်ချုပ်ရေးမှူးတွေက ဖိအားပေး ခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။


