
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ စစ်ကောင်စီက ရွေးကောက်ပွဲမဲလာပေးဖို့ လိုက်လံကြေညာနေပြီး စစ်တပ်က လှည့်ကင်းအဖွဲ့ ၃ ဖွဲ့နဲ့ ကင်းလှည့် လုံခြုံရေးတင်းကျပ်ထားသလို နေရာတိုင်းနီးပါးမှာ တာဆီး စစ်ဆေးခြိမ်းခြောက် ငွေညှစ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြို့ခံတယောက်က “တမြို့လုံးနီးပါး တပ်ဖြန့်ထားသလိုပဲ။ လမ်းတိုင်းမှာ စစ်သားနဲ့ရဲတွေပဲရှိတာ။ ပတ်ကင်းက ၃ ဖွဲ့ခွဲပတ်နေပြီး တဖွဲ့က မဲလာပေးဖို့ ဟွန်းတိုနဲ့ကြေညာနေတာ။ ဒီနေ့ တော်တော်ဆိုးဆိုးဝါးဝါးစစ်ဆေးနေတယ်” လို့ ပြောပါတယ်။
ဖုန်းနဲ့ စာရွက်စာတမ်းတွေသိပ်မစစ်ဘဲ လက်နက်ခဲယမ်းပါ၊ မပါကို အဓိကထားစစ်ဆေးတာလို့ ပြောပါတယ်။
ကားသမားတယောက်က “စစ်ဆေးရေးအဖွဲ့တွေကို ပိုက်ဆံပေးနေရပြီး နောက်တဖွဲ့ တွေ့တော့လည်း ထပ်ပေးရတယ်။ မြို့ကထွက်ကာနီးမှ တဖွဲ့နဲ့ထပ်တွေ့လို့ ထပ်ပေးခဲ့ရပြီး ပတ်ကင်းလှည့် ၃ ဖွဲ့ ၃ ခါတွေ့တာ အရင်အဖွဲ့ပေးပြီးပြီလို့ ပြောတာကိုမရဘူး။ ၃ ဖွဲ့စလုံး ပေးရတာ။ အရင်က ၂ သောင်းပေးရတာ၊ အခု ၃ သောင်း၊ ၃ ဆိုတော့ ၉ သောင်း ပေးရတယ်” လို့ ပြောပါတယ်။
စစ်တပ်ပတ်ကင်းက ရဲနဲ့စစ်သားတွေက လက်နက်ခဲယမ်းကို အဓိကထားစစ်ပြီး ငွေတောင်းသလို မြို့တွင်းက စစ်သားနဲ့ရဲတွေကတော့ ရွေးကောက်မှာ မဲပေး၊ မပေး၊ မဲပေးရမဲ့ မဲရုံနေရာ၊ မဲစာရင်းသွားကြည့်၊ မကြည့် စတာတွေကို မေးတယ်လို့ သိရပါတယ်။


