Home
မြန်မာသတင်း
မွန်ပြည်နယ်က ပြည်ပရောက် ကြိုတင်မဲပေးသူ ၈၀ ကျော်သာရှိ
DVB
·
December 26, 2025

မွန်ပြည်နယ်ကနေ ပြည်ပနိုင်ငံတွေမှာ သွားရောက် အလုပ်လုပ်ကိုင်နေတဲ့သူ သိန်းနဲ့ ချီရှိပေမဲ့  အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးသူ ၈၄ ယောက်ပဲရှိတယ်လို့ စစ်ကောင်စီရဲ့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြည်ပကရောက်လာတဲ့ ကြိုတင်မဲတွေကို ဒီဇင်ဘာ ၂၅ ရက်က မော်လမြိုင်ထွေအုပ်ရုံးမှာ ဖွင့်ဖောက် ရေတွက်ခဲ့တာလို့  စစ်ကောင်စီဝါဒဖြန့်မီဒီယာအချို့မှာ ဖော်ပြပါတယ်။

မွန်ပြည်နယ်က ပြည်ပနိုင်ငံပေါင်း  ၂၂ နိုင်ငံမှာ ရောက်နေကြတဲ့ မဲပေးခွင့်လျှောက်ထားသူ ၁၀၄ ယောက်ရှိတဲ့အနက် ၈၄ ယောက်ရဲ့ ကြိုတင်မဲရရှိခဲ့တာလို့ ဆိုပါတယ်။

မော်လမြိုင်မြို့ခံတယောက်က “အိမ်ကသားတွေလည်း ထိုင်းမှာရောက်နေတာ။ သူတို့ မဲသွားမပေးကြဘူးပြောတယ်။ တခြားကြားသိသလောက် မပေးကြဘူး။ အခုလောက်မဲရတာ များတောင် များနေလားမပြောတတ်ဘူး” လို့ ပြောပါတယ်။

မွန်ပြည်နယ်ဟာ မြန်မာနိုင်ငံကနေ ပြည်ပကို သွားရောက်ကိုင်သူအများဆုံး ပြည်နယ်တခုဖြစ်တယ်လို့ သန်းခေါင်စာရင်း အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီက ကောက်ခဲ့တဲ့ ၂၀၂၄ လူဦးရေနဲ့ အိမ်အကြောင်းအရာသန်းခေါင်စာရင်းမှာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့က ပြည်ပကိုသွားရောက် လုပ်ကိုင်သူအများဆုံးအဖြစ် ရပ်တည်နေတယ်လို့ ဆိုပါတယ်။

အဲဒီသန်းခေါင်စာ ရင်းအစီရင်ခံစာမှာ မွန်ပြည်နယ်ကနေ ပြည်ပသွားရောက်လုပ်ကိုင်သူ ၁၂၀,၀၀၀ ကျော်ရှိတယ်လို့ ဖော်ပြထားပြီး ၂၀၁၄ သန်းခေါင်စာရင်းထက် ၃ သိန်းနီးပါး လျော့နည်းကွဲလွဲနေတာ တွေ့ရပါတယ်။

လက်ရှိမှာ မွန်ပြည်နယ်က ပြည်ပကြိုတင်မဲရတဲ့အရေအတွက်ကိုပဲ သိရသေးတာဖြစ်ပြီး တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ တရားဝင်ထုတ်ပြန်တာမရှိသေးပါဘူး။

စစ်ကောင်စီသြဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး သတင်းအရင်းမြစ်တွေရဲ့ ပြောဆိုချက်အပေါ် ကိုးကားပြီး ထွက်ပေါ်လာတဲ့သတင်းတွေအရ ပြည်ပကြိုတင်မဲရရှိတာ ၃,၀၀၀ လောက်ပဲရှိတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013