
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ အပိုင်း ၂ ကို ရှမ်းပြည်နယ် ၁၇ မြို့နယ်မှာ ဒီကနေ့ ဇန်နဝါရီ ၁၁ ရက် မနက်က စတင်ကျင်းပနေပြီး မိုင်းပန်မြို့နယ်မှာတော့ စစ်တပ်ပါတီ ဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီနဲ့ ကျားဖြူ ၂ ပါတီသာ ပါဝင်ယှဉ်ပြိုင်နေပါတယ်။
မိုင်းပန်မြို့ပေါ် ၄ ရပ်ကွက်နဲ့ ကျေးရွာအုပ်စုတွေထဲမှာ စုစုပေါင်းမဲရုံ ၃၁ ရုံထားရှိပြီး မနက် ၆ နာရီမှ ညနေ ၄ နာရီထိ ဆန္ဒမဲသွားပေးလို့ရတယ်လို့ မိုင်းပန်ဒေသခံတယောက်က ပြောပါတယ်။
“ကျနော်တို့က အ.ထ.က ကျောင်းမှာ ဖွင့်ထားတဲ့ မဲရုံမှာ မဲသွားထည့်ရတယ်။ သွားစရာရှိလို့ မနက်စောစောပဲ သွားထည့်လိုက်တယ်။ မဲထည့်ပုံတွေကို ကိုယ်စားလှယ်လောင်းတွေက လာသင်ပေးထားလို့ အခက်အခဲမရှိပါဘူး။ လူတော့ သိပ်မရှိဘူး စောသေးလို့ထင်တယ်။ လုံခြုံရေးတွေလည်း ပုံမှန်ပါပဲ။ ညနေ ၄ နာရီထိ စောင့်ပေးမယ်။ လာထည့်တဲ့လူမရှိရင် သိမ်းမယ်လို့ မဲရုံစောင့်က ပြောတယ်။”
မိုင်းပန်မြို့နယ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကနေ အားကစားနဲ့ခရီးသွား ဒုဝန်ကြီး ဦးဖြိုးဇော်စိုးက ပြည်သူ့လွှတ်တော်နေရာ၊ ဦးစိုင်းကျော်စိုးက ပြည်နယ်လွှတ်တော်နေရာ၊ ဒေါက်တာကျော်ထွန်းက အမျိုးသားလွှတ်တော်နေရာမှာ ဝင်ပြိုင်နေပါတယ်။
ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ကပါတီ (ကျားဖြူ) ကတော့ ရှေ့နေ နန်းမိုးခမ်း ခေါ် ပိုပိုမိုးက ပြည်သူ့လွှတ်တော်နေရာ၊ ဦးစိုင်းနောင့်က ပြည်နယ်လွှတ်တော်နေရာ၊ နန်းခမ်းယဉ်အောင်က အမျိုးသားလွှတ်တော်နေရာမှာ ဝင်ပြိုင်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက် ရွေးကောက်ပွဲ ပထမပိုင်းမှာတုန်းက ကြိုတင်မဲနဲ့ပတ်သက်ပြီး မဲမသမာမှုတွေ ရှိခဲ့တယ်ဆိုပြီး ကျားဖြူပါတီက ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်ကြားထားတာ ရှိပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင်ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။


