
မြန်မာပြည်သူအားလုံး အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ နယူးယောက်မှာ ပြသခဲ့တဲ့ သူတောင်းစားရွေးကောက်ပွဲ ရုပ်ရှင်ပြပွဲမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းလိုက်ပါတယ်။
လက်ရှိ အာဏာသိမ်းစစ်ကောင်စီက ကျင်းပနေတဲ့ ရွေးကောက်ပွဲကို သရော်ထားတဲ့ “သူတောင်းစားရွေးကောက်ပွဲ” ရုပ်ရှင်နဲ့ “ကံ+ကန်” ရုပ်ရှင် ၂ ကားကို အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ပီတိလူကြီးမိဘများနားခိုရာစင်တာမှာ ဒေသစံတော်ချိန် ဇန်နဝါရီ ၁၀ ရက်က ပြသခဲ့ပါတယ်။
ဒီရုပ်ရှင်ကို ဒါရိုက်တာစိန်သီး(သီးလေးသီး) ရိုက်ကူးထားပြီး ဘုန်းဆက်သွင်၊ ပေါ်လွင်၊ ဆည်းဆာနဲ့ တော်လှန်ရေးအနုပညာရှင်တွေ ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီရုပ်ရှင်ပြပွဲမှာ ကုလဆိုင်ရာ မြန်မာ အမြဲတမ်းသံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ နယူးယောက်မြို့ခံ မြန်မာပြည်သူတွေ တက်ရောက်အားပေးခဲ့ကြပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းက “အတုအယောင် အလိမ်အညာ ရွေးကောက်ပွဲ ဘယ်လိုပဲလုပ်လုပ် စစ်အာဏာရှင် ချုပ်ငြိမ်းဖို့ဆိုတဲ့ ကျနော်တို့ တော်လှန်ရေးကတော့ ပုံစံအမျိုးမျိုးနဲ့ ဆက်သွားနေမှာဖြစ်တဲ့အတွက်ကြောင့် အသီးသီး ပါဝင်ဆောင်ရွက်ပေးနေသူ အကုန်လုံးလည်း ဆက်လက်ပြီးတော့ ပါဝင်ပေးကြပါလို့၊ ပါဝင်တဲ့ အခန်းကဏ္ဍတွေ အကုန်လုံးက ကျနော်တို့အားလုံးအတွက် အရေးကြီးပါတယ်။ ကျနော်တို့ တော်လှန်ရေးအတွက် အရေးကြီးပါတယ်။ ဒါကြောင့် ဆက်ပါဝင်ပေးကြဖို့ကိုလည်း မေတ္တာရပ်ခံပါတယ်” လို့ ပြောပါတယ်။
NYCBC မှ ဦးနေတင်မြင့်ကလည်း “မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေဟာ မဟုတ်မမှန်နဲ့ လိမ်လည်လှည့်ဖြားပြီးတော့ ပြည်သူတွေအတွက် မဟုတ်ဘဲနဲ့ သူတို့ ကိုယ်ကျိုးအတွက် လုပ်ခြင်းဆိုတာကို ဖော်ပြတယ်။ နံပါတ် ၂ အချက်ကတော့ အခုလုပ်တဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှု လုံးဝမရှိပါဘူး ဆိုတာကို ထင်ရှား ပေါ်လွင်စေတယ်။ ဒီရှင်းလင်းတဲ့သတင်းစကား ၂ ခုကို ကိုစိန်သီးက ပေးတဲ့အတွက် ကျနော်တို့အတွက် ကောင်းသလို နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ နိုင်ငံတကာ အစိုးရအတွက်လည်း ကောင်းပါတယ်ခင်ဗျ” လို့ ပြောပါတယ်။
နယူးယောက်ပွဲမှာ ပရိသတ်တွေ အဆင်ပြေဖို့ ပွဲစဉ် အချိန် ၂ ခုခွဲပြီး ဝင်ကြေး အခမဲ့ပြသခဲ့တာ ဖြစ်ပါတယ်။
တော်လှန်ရေးရန်ပုံငွေအတွက် မြန်မာ့ရိုးရာ အစားအသောက်တွေလည်း ရုပ်ရှင်ပြပွဲမှာ ရောင်းချခဲ့ပြီး မိမိဆန္ဒအလျောက် လှူဒါန်းရာက ရလာတဲ့ ရန်ပုံငွေ ဒေါ်လာ ၅,၅၀၀ ကျော်ကို မြေပြင် တော်လှန်ရေးအတွက် လိုအပ်တဲ့နေရာတွေကို ပေးပို့သွားမယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။
ရုပ်ရှင်ပြပွဲ အားပေးသူတယောက်ဖြစ်တဲ့ ပပက “သူတောင်းစားရွေးကောက်ပွဲ သူတောင်းစားအချင်းချင်း သူတို့အချင်းချင်း ဒီနေရာကိုယူမယ်၊ သူတို့အချင်းချင်းပဲ ဒီပုံစံကို ဖန်တီးထားတယ်ဆိုတာ သိလျက်သားနဲ့ နားလှည့်ပါးရိုက်ဟာတွေကို ကျမတို့ မျက်စိပွင့် နားပွင့်သင့်ပြီလို့ သတင်းစကားလေးကို ရတယ်ပေါ့နော်” လို့ ပြောပါတယ်။
ရုပ်ရှင်ပြပွဲအားပေးသူ နောက်တယောက်ဖြစ်တဲ့ ကိုနေ ကလည်း “စကမရဲ့ တရားမဝင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြပါ၊ ရှုတ်ချပါ၊ ဘယ်တော့မှ လုံးဝမဲမပေးပါနဲ့လို့ ကျနော် ပြောချင်ပါတယ်ဗျ” လို့ ပြောပါတယ်။
ရုပ်ရှင်ပြပွဲ အားပေးသူတယောက်ကလည်း “ပြည်သူလူထုရဲ့ လူ့အခွင့်အရေးကို တောင်းဆိုနေတဲ့ အချိန်မှာ ရုပ်ရှင်လောကသားတွေကလည်း အဓမ္မဘက်ကနေပြီး ရိုက်နေတဲ့ရုပ်ရှင်တွေနဲ့ စာရင်တော့ ဒီလို ပြည်သူလူထုရင်ထဲကို မှန်ကန်တဲ့ သတင်းစကားလေး ထည့်ပေးတဲ့အတွက် ကိုစိန်သီးကို ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီ ပြုလုပ်နေတဲ့ အတုအယောင် ရွေးကောက်ပွဲ ကာလမှာ ဒါရိုက်တာစိန်သီးရဲ့ သူတောင်းစားရွေးကောက်ပွဲ ရုပ်ရှင်ကို အချိန်ကိုက် နိုင်ငံတကာမှာလည်း ဆက်တိုက်ပြသနေတာ ဖြစ်ပါတယ်။
သုတချမ်းသာ


