
ဇန်နဝါရီ ၁၁ ရက်နေ့ ကျင်းပတဲ့ ရွေးကောက်ပွဲ အပိုင်း ၂ မှာ မဲထွက်ပေးဖို့ ပြည်သူတွေကို စစ်ကောင်စီက ဖိအားပေး ခြိမ်းခြောက်မှုတွေ ရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။
ရွေးကောက်ပွဲအပိုင်း ၂ မှာ မဲထွက်ပေးဖို့ သက်ဆိုင်ရာ ရပ်ကျေးဥက္ကဋ္ဌတွေကို အသံချဲ့စက်တွေနဲ့ ရပ်ကွက်တွေထဲမှာ လိုက်လံပြောကြားနေပါတယ်။
ဒါ့အပြင် လာရောက်မဲပေးခြင်း မပြုပါက လူငယ်လူရွယ်ဖြစ်ပါက စစ်မှုထမ်းစာရင်း ထည့်မယ်လို့ အုပ်ချုပ်ရေးမှူးတချို့က ခြိမ်းခြောက်တာတွေ ရှိတယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲအပိုင်း ၂ မှာ မဲပေးရမဲ့ ပြည်သူတယောက်က “ဈေးသည်တွေဆိုရင် ဈေးရောင်းချခွင့်မပြုဘူး။ မဲမပေးရင်ပေါ့။ တအိမ်တက် တအိမ်ဆင်း လိုက်ပြောတာ သူတို့က၊ မဲပေးဖို့ကိုပေါ့။ အခုဆိုရင် ဈေးသည်တွေကို မဲပေးပြီးမှ ဈေးရောင်းခိုင်းတယ်။ မဲမပေးရသေးရင် ဆိုင်မဖွင့်နဲ့ဆိုတဲ့သဘော” လို့ ပြောပါတယ်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲ အပိုင်း ၁ မှာ မဲပေးသူဦးရေ အလွန်နည်းပါးခဲ့တာကြောင့် အပိုင်း ၂ မှာ မဲထွက်ပေးဖို့ ခြိမ်းခြောက်နေတာလည်း ဖြစ်ပါတယ်။
ရွေးကောက်ပွဲ အပိုင်း ၂ ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်မှာ မြို့နယ် ၁၀၀ နဲ့ ရွေးကောက်ပွဲ အပိုင်း ၃ ကိုတော့ မြို့နယ် ၆၃ မြို့နယ်မှာ ပြုလုပ်မှာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။


