
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နဲ့ မကွေးတိုင်း ငဖဲမြို့နယ် ဆက်သွယ်ထားတဲ့ ရိုးတောင်ကျော်လမ်းရှိ အာရက္ခတပ်တော် (AA) က ပိတ်ဆို့ထားတဲ့ နတ်ရေကန်တောင်စခန်းကို ထိုးစစ်ဆင်နေတဲ့ စစ်ကြောင်းတွေထဲမှာ ဖမ်းဆီးခံထားရတဲ့ ရခိုင်လူငယ်တွေ ပြည်သူ့စစ်အဖြစ်နဲ့ ပါဝင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပဇီရွာနားတိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျအဆုံးများပြီး AA က ကာကင်းစခန်းတခုကို သိမ်းပိုက်ရရှိကာ ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ကစဉ့်ကလျားဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်နေရာမှ တချို့က AA ထံ လက်နက်ချ အလင်းဝင်ရောက်တာ ရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
“တချို့က တိုက်ပွဲကြားထဲက အခွင့်ရေးယူပြီး ပြေးကြပုံပေါ်တယ်။ အဲဒီပြေးကြတဲ့အထဲက တချို့က AA ထံ လက်နက်ချ အလင်းဝင်လာကြတယ်။”
ဇန်နဝါရီ ၂၅ ရက် တိုက်ပွဲက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ AA ထံ အလင်းဝင်ရောက်လာပြီး သူတို့ထဲမှာ စစ်ကောင်စီထံ ဖမ်းဆီးခံထားရတဲ့ ပြည်သူ့စစ်သင်တန်းဆင်း ရခိုင်လူငယ်တွေလည်း ပါဝင်နေတယ်လို့ ဒေသခံက ပြောပါတယ်။
အလားတူ စစ်တပ်က နတ်ရေကန်တောင်စခန်းကို Y12 လေယာဉ်၊ Y8 လေယာဉ်တွေနဲ့ စားနပ်ရိက္ခာ၊ ဒရုန်းပစ္စည်း၊ လက်နက်ခဲယမ်းတွေ ဖြည့်တင်းနေတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“ဒီနေ့ဆို ၂ ခေါက်ရှိပြီ၊ လေယာဉ်က အထုပ်လာချတယ်။ ပတ်ဝန်းကျင်ကို ဗုံးကြဲတယ်။ စက်သေနတ်တွေနဲ့လည်း ပစ်တယ်။”
ဇန်နဝါရီ ၂၆ ရက် မနက်ပိုင်းကလည်း စစ်တပ်က လေကြောင်းကနေ လက်နက်ခဲယမ်းလာပို့ပြီး ပတ်ဝန်းကျင်ကို စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ပြောပါတယ်။
စစ်တပ်က ဒရုန်းနဲ့ပစ်ခတ်မှုကြောင့် ဇန်နဝါရီ ၂၂ ရက်မှာ လိုင်ကျေးရွာက ချင်းအမျိုးသား ၂ ယောက် သေဆုံးခဲ့ပါတယ်။
စစ်တပ်က နတ်ရေကန်တောင် လေကြောင်းရန်ဗျူဟာစခန်းမှာ အင်အား ၄၀၀ ခန့် ပိတ်မိနေပြီး နေ့စဉ် ဒရုန်း၊ လက်နက်ကြီး၊ စနိုက်ဘာတို့နဲ့ AA ရဲ့ တိုက်ခိုက်မှုကို ခံနေရပြီး ပဇီကျေးရွာနဲ့ ဂုတ်ကြီးကျေးရွာ ပတ်ဝန်းကျင်မှာ တိုက်ပွဲ နေ့စဉ်ဖြစ်နေတယ်လို့ သိရပါတယ်။


