
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံကမ်းခြေမြို့ မကျီးဇင်ကျေးရွာအနီးက နေအိမ် ၄ လုံးကို PDF အဖွဲ့နဲ့ အဆက်အသွယ်ရှိတယ်လို့ စွပ်စွဲပြီး စစ်ကောင်စီတပ်က မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အား ၆၀ ကျော်ရှိ စစ်ကောင်စီတပ်ဖွဲ့က မကျီးဇင်ကျေးရွာကို ဝင်ရောက်စီးနင်းပြီး PDF တွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး ဦးအေးဇော် နေအိမ် အပါအဝင် နေအိမ် ၄ လုံးကို ဇန်နဝါရီ ၂၈ ရက်က မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။
မျက်မြင်ဒေသခံရွာသားတယောက်က “မီးရှို့ခံရတဲ့အိမ်တွေက အရပ်သားတွေ အိမ်တွေချည်းပဲ။ အနီးကပ်တော့ သွားမကြည့်ရဲဘူး။ စစ်ကော်မရှင်တပ်က မီးလောင်ပြီး သေသွားတဲ့ ဝက်တွေ၊ ကြက်တွေတောင် မချန်ဘူး ယူသွားတယ်” လို့ ပြောပါတယ်။
မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ နေအိမ် ၄ လုံးမှာ နေထိုင်သူ အရပ်သားတွေထဲက လူလတ်ပိုင်းတယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး ကျန်တဲ့ အရပ်သားတွေ အားလုံး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နေအိမ် ၄ လုံးကို မီးမရှို့မီ နေအိမ်တွေထဲက အသုံးအဆောင် ပစ္စည်းတွေကို ထုတ်ယူကြတဲ့အပြင် အိမ်ပိုင်ရှင်တွေက မွေးမြူထားတဲ့ ကြက်၊ ဝက်တွေကိုလည်း ပစ်သတ်ယူသွားကြတယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ် နိုဝင်ဘာ တတိယပတ်လောက်က ရွှေသောင်ယံကမ်းခြေမြို့နဲ့ နယ်မြေထိစပ်နေတဲ့ ချောင်းသာ ကမ်းခြေမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဆက်သွယ်တယ်ဆိုပြီး ဒေသခံ အရပ်သား ၆ ယောက်ကို ဖမ်းဆီးခဲ့သေးတယ်လို့ သိရပါတယ်။


