
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ ဝေါလေလမ်းပိုင်းမှာ ဆုံးရှုံးထားတဲ့ တပ်စခန်းတွေကို ပြန်လည်ရယူဖို့ စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၈ ရက် မနက် ၉ နာရီခွဲလောက်က လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးပစ်ကူတွေနဲ့ ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားနေပါတယ်။
ဒါကြောင့် ဖလူးနဲ့ မင်းလက်ပံကျေးရွာအနီးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းစစ်ကြောင်းတွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
ဒါအပြင် လေးကေ့ကော်၊ ရသေ့ဂူနဲ့ စွယ်တော်ကုန်းအနီးကို ခလရ ၂၇၅ ကနေ ရော့ကတ်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
စစ်ရေးသတင်းရင်းမြစ်တယောက်က “စလာတည်းက ၃ လလောက်ရှိနေပြီ ဒီအတိုင်းပဲ တိုက်နေတာပဲ။ ရသေ့ဂူ၊ ဖလူး၊ မင်းလက်ပံ မကျော်သေးဘူး။ အင်အားက အစတည်းက ထိုးနေတာပဲ။ ပုံမှန်အတိုင်း ချနေတာတော့ ၃ လကျော်ပြီ။ ကာမိကာဇယ်တွေနဲ့ တချိန်လုံးချနေတာပဲ။ ဒရုန်းကလာတယ်။ တိုက်ပွဲကနားတယ်လို့ သိပ်မရှိဘူး။ အစတည်းက ဒီလိုပဲ” လို့ ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲမှာ ခုရက်ပိုင်းတွင်း စစ်ကောင်စီတပ်ဖွဲ့နဲ့ ကရင့်တော်လှန်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေပြီး ကျည်ဆန်တွေ ထိုင်းဘက်ခြမ်းကို ကျရောက်တာကြောင့် နေအိမ် ၂ လုံး ထိမှန်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
မြို့ဝတီမြို့မှာ ကရင်အမျိုးသားတပ်မတော် (KNA) လက်မောင်းတံဆိပ် ပြောင်းလဲခဲ့တဲ့ တပ်ဖွဲ့တွေအနေနဲ့ ဇန်နဝါရီ ၂၅ ရက် နောက်ဆုံးထားပြီး မြဝတီမြို့ကနေ ထွက်ခွာဖို့နဲ့ တပ်နယ် ၂ မှာ ပြန်လည်နေထိုင်ဖို့ စစ်ကောင်စီတပ်လက်အောက်ခံ တပ်မ ၂၂ တပ်မမှူးက ညွှန်ကြားခဲ့ပါတယ်။
လက်ရှိမှာ မြဝတီမြို့ရှိ KNA တပ်ဖွဲ့ဝင်တွေ ထွက်ခွာသွားတာ မရှိတဲ့အပြင် မြို့အခြေအနေက အေးဆေးပဲလို့ NCA စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“စစ်ယာဉ်တန်းတွေ ဒီထဲကို မရောက်သေးဘူး။ ဘားအံမှာပဲ တပ်တည် တပ်စုနေတုန်း။ ဒီထဲမှာကျတော့ အလုံးအရင်းနဲ့ မရောက်သေးဘူး။ ပြောမယ်ဆို ၂၀၊ ၃၀ ပဲ။ အလုံးအရင်းကျတော့ ဘားအံ ၂၂ မှာပဲ ရှိသေးတယ်။ (မြဝတီမြို့ကနေ KNA တပ်ဖွဲ့တွေ ထွက်ခိုင်းတဲ့ကိစ္စ) တည့်တည့်ပဲ ပြောမယ်။ သူတို့ ဆိုက်ဝါးချလိုက်တာ။ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စ။ အခု KNA ကား ၃ စီးနဲ့ မြို့ထဲမှာ သွားလာနေတယ်။ ပြီးတော့ သူတို့တပ်ဖွဲ့နဲ့ ထိပ်တိုက်ဆုံတယ်။ ၄၄ တို့၊ ရှေ့တန်းရုံးတို့၊ နောက် ၂၂ တို့ သူတို့ ထိပ်တိုက်ဆုံတယ်။ သူ့ကားသူ ခေါင်းလှည့်။ ကိုယ့်ကားကိုယ် ခေါင်းလှည့် သွားနေကြတာပဲ။ အဲဒါကတော့ ကျနော်ရဲ့အမြင်။ အခုက No ပဲ ဘာအချေအတင်မှ မရှိသေးဘူး။”
မြဝတီမြို့မှာ တပ်မ ၄၄၊ တပ်မ ၂၂၊ ရှေ့တန်းရုံး၊ ရဲ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေက ကင်းလှည့်နေတာကြောင့် လူငယ်တွေ ဖမ်းဆီးခံရသူတွေ ရှိနေပါတယ်။
ဖမ်းဆီးခံရတဲ့ လူငယ်တချို့အား ရဲစခန်းပို့ပြီး မြို့ခံမဟုတ်သူတွေကို စစ်တပ်ထဲ ပို့ဆောင်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အောင်ခန့်


