
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ကို အခုရက်ပိုင်းအတွင်း စစ်တပ်က လေကြောင်း၊ ရေကြောင်းတိုက်ခိုက်မှုတွေ တပြိုင်နက်တည်းပြုလုပ်နေတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဂွမြို့နားက စစ်ကောင်စီရဲ့ တပ်စခန်းဟောင်းတွေကို စစ်တပ်က ဇန်နဝါရီရီ ၂၉ ရက်မှာ လေကြောင်း၊ ရေကြောင်းတိုက်ခိုက်မှုတွေ တပြိုင်နက်တည်း ပြုလုပ်ခဲ့တာလို့ ဂွဒေသခံက ပြောပါတယ်။
“ဂွမှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းဟောင်းတွေကို ဇန်နဝါရီလ ၂၉ ရက်နေ့ မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတွေမှာ လေကြောင်းနဲ့ ရေကြောင်းကနေ တပြိုက်နက်တည်း တိုက်ခိုက်ခဲ့တာရှိတယ်။ မနက်ပိုင်း ၉ နာရီခွဲဝန်းကျင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာရှိတယ်။ နောက် ပင်လယ်ပြင် ရေတပ်ကနေပြီးတော့လည်း လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့တာရှိတယ်။ အဲဒီနေ့ နေ့လည်မှာပဲ နောက်ထပ်တကြိမ် လေကြောင်းကနေ ထပ် လာတိုက်ခိုက်ခဲ့တာရှိတယ်။ လူအထိခိုက်ရှိ၊ မရှိတော့ ကျနော်တို့လည်း မသိဘူး။ စစ်ကောင်စီတပ်ရင်းဟောင်းတွေက လူမနေဘဲ ဒီအတိုင်း စွန့်ထားတာ။”
ဂွမြို့နယ်အနီးက စစ်ကောင်စီတပ်ရင်းတွေကို ဇန်နဝါရီ ၂၉ ရက် မနက် ၉ နာရီ မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ် တစင်းနဲ့ လေကြောင်းကနေ ဗုံး ၄ လုံးကြဲချတိုက်ခိုက်ခဲ့သလို နေ့လယ် ၁၂ နာရီခွဲမှာလည်း နောက်ထပ် ဂျက်တိုက်လေယာဉ် တစင်းနဲ့ ဗုံးတလုံး ကြဲချခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါအပြင် အဲဒီနေ့ မနက် ၉ နာရီခွဲမှာပဲ ဂွပင်လယ်မှာရှိတဲ့ ရေတပ်သင်္ဘောကနေ လက်နက်ကြီးတွေနဲ့ အကြိမ်ရေ ၂၀ နီးပါး အဆက်မပြတ် တိုက်ခိုက်ခဲ့တယ်လို့လည်း ပြောကြပါတယ်။
ဂွမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ခမရ ၅၆၂ နဲ့ ခမရ ၅၆၃ တို့အခြေစိုက်ခဲ့တာဖြစ်ပြီး ၂၀၂၄ ခုနှစ်မှာ အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။
စစ်ကောင်စီဟာ ဂွမြို့နယ်အပါဝင် သံတွဲ၊ တောင်ကုတ်နဲ့ အမ်းမြို့နယ်တို့ကို ရွေးကောက်ကွဲအပိုင်း ၃ မှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ စီစဉ်ခဲ့ပေမဲ့ စစ်ရေးအရ မယူနိုင်ခဲ့တာကြောင့် ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့တာမရှိပါဘူး။
စစ်ကောင်စီဟာ ဧရာဝတီနဲ့ ထိစပ်နေတဲ့ ဂွ၊ သံတွဲမြို့နယ်တို့ကို လေကြောင်း၊ ရေကြောင်းတို့ကနေ စစ်ရေးအရ တိုက်ခိုက်မှုတွေ မကြာခဏပြုလုပ်နေတာကြောင့် ဒေသခံတွေဟာ နေရပ် မပြန်နိုင်ကြသလို စီးပွားရေးတွေဖြစ်တဲ့ ငါးဖမ်းလုပ်ငန်းတွေကိုလည်း မလုပ်ကိုင်နိုင်ကြဘူးလို့ ဒေသခံတွေကပြောပါတယ်။
အာရက္ခတပ်တော်ဟာ ဂွမြို့နယ်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး အဲဒီကနေ တဆင့် ဧရာဝတီဘက်ကို စစ်ရေးဖော်ဆောင်ခဲ့ပါတယ်။


