
တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက် သိမ်းယူထားတဲ့ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့က နေရာအများစုကို စစ်ကောင်စီတပ်နဲ့ ရှမ်းနီတပ်တော် (SNA) ပူးပေါင်းတပ်က ပြန်လည် ထိုးစစ်တိုက်ခိုက် သိမ်းယူနိုင်ခဲ့ပြီးနောက် မြို့အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲ ဆက်ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဇန်နဝါရီ ၃၁ ရက် မနေ့ညကတည်းက မြို့အရှေ့ဘက်မှာရှိတဲ့ မြို့တော်ခန်းမနဲ့ ပြည်သူ့ဆေးရုံတွေကို စစ်ကောင်စီ ပူးပေါင်းတပ်က သိမ်းယူနိုင်ခဲ့ပြီး မြို့အရှေ့ဘက်ခြမ်း တိုက်ပွဲ ဆက်ဖြစ်နေကာ စစ်ကောင်စီတပ်ကလည်း လေကြောင်းနဲ့ ဗုံးကြဲနေတယ်လို့ ဆိုပါတယ်။
တမြို့လုံးကို လက်လွှတ်တဲ့ အခြေနေမျိုးတော့ မဟုတ်သေးဘူးလို့ တော်လှန်ရေးတပ်နဲ့ နီးစပ်တဲ့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
“ဗန်းမောက်က မြို့အကုန်လုံးတော့ မပါသေးဘူး။ မြို့တော်ခန်းမအထိ SNAနဲ့ စစ်ကောင်စီဘက်က ရသွားတယ်။ ဒါပေမဲ့ မြို့တခုလုံးတော့ မရသေးဘူး။ မြို့အရှေ့ခြမ်းမှာ တိုက်ပွဲ ဆက်ဖြစ်နေသေးတယ်။ ဒီနေ့ နေ့လယ်လောက်မှာ လေကြောင်းနဲ့ ဗုံးကြဲသွားတာ ရှိတယ်။”
မြို့ အရှေ့ခြမ်းမှာ တိုက်ပွဲ ဆက်ဖြစ်နေပြီး တိုက်ပွဲနဲ့ ပတ်သက်တဲ့ အသေးစိတ်အခြေအနေကိုတော့ တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီဘက်ကရော ထုတ်ပြန်လာတာ မရှိသေးပါဘူး။
၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်း ဗန်းမောက်မြို့ပေါ်က စစ်ကောင်စီနဲ့ SNA ပူးပေါင်းတပ် စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) နဲ့ တခြား တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက ထိုးစစ်ဆင် တိုက်ခိုက်ပြီး မြို့ကို ထိန်းချုပ်ထားတာပါ။
မြို့ရဲ့ အနောက်ခြမ်း တောအုပ်ထဲအထိ ဆုတ်ခွာခဲ့ရတဲ့ စစ်ကောင်စီတပ်နဲ့ SNA တပ်တွေဟာ လက်နက်ခဲယမ်းနဲ့ အင်အား ပြန်လည်စုဖွဲ့ကာ တန်ပြန်ထိုး စစ်ဆင်လာပြီး မြို့ရဲ့ နေရာအများစုကို တဖြည်းဖြည်း ထိန်းချုပ်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။


